အာရက္ခတိုင်းမ်စ် (၉ ဇန်နဝါရီ ၂၀၂၆)
ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ ကပစ စက်ရုံးများ အာရက္ခတပ်တော်လက်ထဲ မရောက်စေရေးအတွက် စစ်ကော်မရှင်ဥက္ကဌ မင်းအောင်လှိုင် ကိုယ်တိုင် ဇန်နဝါရီလ ၈ ရက်က မြေပြင်ဆင်း ညွှန်ကြားသွားတယ်လို့ သိရပါတယ်။
“ AA နဲ့ မဟာမိတ်အဖွဲ့တွေကြောင့် အသေအပျောက်တွေ များနေတာရယ်၊ ဆုံးရှုံးရတဲ့ နယ်မြေတွေလည်း များလာတော့ သူ (မင်းအောင်လှိုင်) ကိုယ်တိုင် အနီးကပ်လာပြီးတော့ သူ့လူတွေကို အားပေးစကားလာပြောရင်းနဲ့ စည်းရုံးရေးလုပ်တာလို့ပဲ မြင်တယ်” လို့ စစ်ရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင် ဥက္ကဌ မင်းအောင်လှုင် သွားရောက်ခဲ့တဲ့ ပန်းတောင်းမြို့ဟာ ပဲခူး၊ မကွေး၊ ဧရာဝတီ နဲ့ ရက္ခိုင်ကို ချိတ်ဆက်ပေးနိုင်တဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။
အလားတူ ပန်းတောင်းမြို့နယ်တွင် စစ်ကော်မရှင်ရဲ့ ကပစ စက်ရုံ ၅ ရုံလည်း ရှိနေတာလည်း ဖြစ်ပါတယ်။
“ ကပစ စက်ရုံက ပန်းတောင်းမှာ ၅ ခုတောင်ရှိတာလေ။ အဲဒါတွေကို လက်လွှတ်လိုက်ရမှာ သူ (မင်းအောင်လှိုင်) တော်တော်ကြောက်နေပုံရတယ်။ အဲဒါကြောင့် သူကိုယ်တိုင် လာတာနေမှာပါ” လို့ သူက ထပ်မံပြောပါတယ်။
ပဲခူးတိုင်း ပန်းတောင်မြို့နယ်တွင် ကပစ-၃ (ဆင်တဲ)၊ ကပစ-၅ (ကမြိုင်)၊ ကပစ-၆ (ညောင်ခြေထောက်)၊ ကပစ-၉ (ကျောက်ဖူး) နဲ့ ကပစ-၁၆ (မသုန်) စတဲ့ ကပစ စက်ရုံ ၅ ရုံ ရှိနေတာပါ။
အာရက္ခတပ်တော် အနေနဲ့ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းကို သိမ်းပိုက်ပြီးနောက် ညောင်ခြေထောက်ကျေးရွာအနီးရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၆) သံရည်ကျိုစက်ရုံ အပါအဝင် အနီးအနားရှိ ကပစ စက်ရုံများတွင် စစ်ကော်မရှင်က လုံခြုံရေးများ တိုးမြှင့်ခဲ့ထားတယ်လို့လည်း သိရပါတယ်။