အာရက္ခတိုင်းမ်စ် (၉ ဇန်နဝါရီ ၂၀၂၆)
ရက္ခိုင်ပြည်၊ ငပလီမြို့၊ လင်းသာရပ်ကွက် ဗုံးကြဲမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူတွေအတွက် ဒီကနေ့ ဇန်နဝါရီ ၉ ရက်မှာ ကုသိုလ်ပြု အမျှဝေခဲ့တယ်လို့ သိရပါတယ်။
“ ငပလီကမ်းခြေမြို့၊ လင်းသာရပ်ကွက်၊ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရက်စက်စွာ လေကြောင်းတိုက်ခိုက်ခံရပြီး ကွယ်လွန်သွားကြသူ ဆယ်ဦးအတွက် ကုသိုလ် အလှုတော်အား သံဃာတော်များ ပင့်ဆောင်ပြီး တရားနာ အလှုတော်ပြုပြီး အမျှပေးဝေခဲ့ပါတယ်” လို့ ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့က ဆိုပါတယ်။
လေးဝတီ- သံတွဲစစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအဖွဲ့မှ တသိန်းကျပ်၊ ငပလီကမ်းခြေ စုပေါင်းပရဟိတအဖွဲ့ မှ လေးသိန်းငါးသောင်းကျပ်၊ နာရေးမိသားစုဝင်များမှ ငါးသိန်းကျပ်တို့အပြင် ရပ်ရွာကစေတနာရှင်တွေရဲ့အလှုငွေများနဲ့ စုပေါင်း လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ငပလီမြို့ရှိ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးကို ဒီဇင်ဘာ ၂၉ ရက်၊ ည ၈ နာရီမှာ စစ်ကော်မရှင်က လေကြောင်းက နှစ်ကြိမ်တိုင်တိုင် ပေါင် (၅၀၀) ဗုံး လေးလုံးကို ကြဲချခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ အဆိုပါ ဖြစ်စဉ်အတွင်း အသက် ၄ နှစ် မှ အသက် ၅၄ နှစ်အရွယ်ရှိ ကျား ခြောက်ဦး နဲ့ မ လေးဦး စုစုပေါင်း ဆယ်ဦး သေဆုံးခဲ့ပါတယ်။