အာရက္ခတိုင်းမ်စ် (၁၇ ဇန်နဝါရီ ၂၀၂၆)
အာရက္ခတပ်တော် AA နဲ့ စစ်ကော်မရှင်တို့ကြား ဖြစ်ပွားနေတဲ့ ကျောက်ဖြူတိုက်ပွဲမှာ ALP ပါတီက တပ်သားတွေ မပါဝင်ဘူးလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ငြင်းဆိုခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲမှာ ALP တပ်သား ၁၀၀ ပါဝင်ခဲ့ပြီး တပ်သား ၂၀ ကျဆုံးခဲ့သလို လက်နက်တွေနဲ့အတူ သုံးဦးက ထွက်ပြေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။
ALP ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်သူက “ အဲ့ဒါတွေက သတင်းအမှားတွေပါဗျ။ ကျနော်တို့က တိုက်ပွဲစစ်ရေးကိစ္စတွေမှာ ဝင်ရောက်ပါဝင်ပတ်သက်မှု မရှိပါဘူးဗျ။ ဒါက ကျနော်တို့နဲ့ ပြည်သူတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေ အထင်မြင်မှားမှုတွေ ဖြစ်အောင် လုပ်တယ်လို့ပဲ ကျနော်တို့က ပြောချင်ပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်နဲ့အတူ ကျောက်ဖြူအပြင် စစ်တွေမြို့မှာလည်း ALP ပူးပေါင်းပါဝင်နေတယ် ဆိုတဲ့အပေါ်မှာလည်း အဆိုပါ တာဝန်ရှိသူက ထပ်မံ ငြင်းဆိုခဲ့ပါတယ်။
“ အဲ့လိုကိစ္စမျိုးတွေက မဟုတ်ပါဘူးဗျ။ ကျနော်တို့က ရှင်းရှင်းပြောလို့ရှိရင် ရက္ခိုင်ပြည်မှာ စစ်မက်ဖြစ်ပွားခြင်းကို မလိုလားတဲ့ အဖွဲ့ပါ။ ရက္ခိုင်ပြည်ကို ငြိမ်းချမ်းရေးနဲ့ပဲ ကျနော်တို့က ရက္ခိုင်ပြည်မှာ ဖြစ်နေတဲ့ ပြဿနာအရပ်ရပ်ကို ဖြေရှင်းချင်တဲ့ အဖွဲ့အစည်းပါ။ ဒါကြောင့်မို စစ်ဖက်ဆိုင်ရာကိစ္စတွေမှာ ကျနော်တို့က ပါဝင်ပတ်သက်မှုတွေက မရှိပါဘူး။ ဒါတွေက သတင်းအမှားတွေသာ ဖြစ်ပါတယ်ဗျ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်တလောမှာတော့ ရက္ခိုင်ပြည်၊ စစ်တွေ နဲ့ ကျောက်ဖြူမြို့ အပြင် ရက္ခိုင်ပြည် နယ်စပ်ဒေသ ၃ ခု မှာလည်း စစ်ကော်မရှင် နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်လျက်ရှိပါတယ်။