စစ်တွေက စကမတပ်သားများ အုပ်စုလိုက်ထွက်ပြေးနေ

အာရက္ခတိုင်းမ်စ် (၁၉ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့တွင် တာဝန်ကျနေတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စစ်မတိုက်လိုတော့တဲ့အတွက် အုပ်စုလိုက် ထွက်ပြေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ ကြားရတာတော့ အုန်းတောကြီးစခန်းနဲ့ ခလရ (၂၇၀) က စစ်သားတွေ လှေတွေခိုးပြီး ထွက်ပြေးကြတယ်။ အခိုးခံရတဲ့ လှေပိုင်ရှင်တွေက မူဆလင်တွေလေ၊ သူတို့လည်း တိမ်းရှောင်နေရတယ်။ ထွက်ပြေးတာကို ကူညီတယ်ဆိုပြီး ဖမ်းမှာကြောက်လို့တဲ့။ အခိုးလည်းခံရတယ်။ ပုန်းလည်း ပုန်းနေရတယ် သူတို့မှာလေ” လို့ စစ်တွေမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေဖြစ်တဲ့ အုန်းတောကြီးစစ်စခန်းနဲ့ ခလရ (၂၇၀) တပ်ရင်းက တပ်သားတွေဟာ အာရက္ခတပ်တော်က စစ်တွေမြို့ရှိ တော်ကန်နဲ့ ဂန့်ဂေါ်ကျွန်းနားက ကာကင်းနှစ်ခုကို သိမ်းပိုက်အပြီးမှာ အခုလို အုပ်စုလိုက် ထွက်ပြေးကြတာလည်း ဖြစ်ပါတယ်။

“ တပ်တော်ဖက်ကို အလင်းဝင်ပုံရတယ်။ ဘာလို့ဆိုတော့ တပ်တော်ထိန်းချုပ်ထားတဲ့ အငူမော်ဖက်ကို ထွက်ပြေးတာလို့ အဲဒီရွာက မူဆလင်တွေက ပြောတယ်။ လှေတစီးမှာဆို တပ်သား ၂၀ လောက်တောင်ရှိတယ် ပြောတယ်။ လှေခိုးခံရတဲ့ ရွာကဆို သူတို့ကို စစ်တပ်က မဲမှာ ကြောက်နေကြတယ်။ အရွယ်ကောင်း ကလေးတွေတော့ တိမ်းရှောင်သွားကြတာတွေလည်း ရှိကြတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

ထွက်ပြေးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေကို စစ်ကော်မရှင်တပ်က လိုက်လံဖမ်းဆီးနေပြီး ဖမ်းဆီးရမိသူ အချို့လည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့ပေါ်မှာ စစ်ကော်မရှင်တပ်သားတွေ မရှိသလောက် နည်းပါးသွားပြီး စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပတဲ့နေ့မှာလည်း လုံခြုံရေးတာဝန်ယူတဲ့ စစ်သားအရေအတွက်က အနည်းငယ်ပဲ ရှိတာကို တွေ့ရတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့ပြင်က စစ်ကော်မရှင် တပ်စခန်းချထားတဲ့ နေရာတွေကို အာရက္ခတပ်တော် က ဝင်ရောက်တိုက်ခိုက်တာတွေ ရှိနေသလို စစ်ကော်မရှင်တပ်နဲ့ မကြာခဏ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

Related posts

ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်ပွဲ တောင်ကုတ်တွင် ကျင်းပ

စစ်တွေထောင်ထဲတွင် ဆရာကြီး ဦးဦးသာထွန်း ကျဆုံးခြင်း (ဒုတိယပိုင်း)

တရားမဝင် အရက်များကို မောင်တောတွင် DLEPS  ဖမ်းဆီး