အိမ်သုံးသစ်ခုတ်သူများ လိုက်နာရန် အချက် ၇ ချက် အာရက္ခအစိုးရ ထုတ်ပြန်

အာရက္ခတိုင်းမ်စ် (၂၀ ဧပြီ ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွင် နေထိုင်ကြတဲ့ ပြည်သူများအနေနဲ့ အိမ်သုံးသစ်ခုတ်ရာတွင် လိုက်နာရန် အချက် ၇ ချက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဧပြီလ ၂၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက် (၇) ချက် မှာ-

၁။ သစ်တောဥပဒေ အခန်း (၆)၊ ပုဒ်မ ၁၇ အရ ပြည်သူများသည် စီးပွားဖြစ်မဟုတ်ဘဲ အိမ်သုံး၊ လယ်ယာလုပ်ငန်းသုံး၊ ငါးဖမ်းလုပ်ငန်းသုံး အစရှိတဲ့ အခြေခံလုပ်ငန်းများအတွက် ဌာနမှ သတ်မှတ်ထားသော တန်ပမာဏ (၁) တန်အား အခွန်လွတ် ထုတ်ယူသုံးစွဲခွင့်ပြုသည်။

၂။ အိမ်သုံး သစ်ထုတ်ယူမည့်နေရာကို မြို့နယ်သစ်ဝန်းစီဌာနသို့ လာရောက် အကြောင်းကြားရမည်ဖြစ်ပြီး မြို့နယ်သစ်ဝန်းစီဌာနမှ ကွင်းဆင်း စိစစ်ကာ မှတ်တမ်းတင်ထားမည် ဖြစ်သည်။

၃။ အိမ်ထောင်စု တစုလျှင် အိမ်သုံး သစ်ထုတ်ယူမှုအား တနှစ်လျှင် (၁) ကြိမ်သာ ထုတ်ယူခွင့် ရှိသည်။

၄။ (၁)တန်ထက် ထပ်မံ၍ လိုအပ်ပါက ရပ်ရွာ၊ တိုက်နယ်၊ မြို့နယ်အုပ်ချုပ်ရေးဌာနမှ ထောက်ခံချက်များနဲ့ သစ်ဝန်းစီဌာနသို့ သီးခြား လာရောက်လျှောက် ထား တင်ပြရမည်။

၅။ သစ်ဝန်းစီဌာနမှ သွားရောက် ကွင်းဆင်းပြီး အမှန်အကန် ထပ်မံ လိုအပ်ကြောင်း စိစစ်တွေ့ရှိပါက လိုအပ်သော သစ်အား ထုတ်ယူခွင့် ပြုမည်။

၆။ အိမ်သုံး သစ်ထုတ်ယူပြီး အဆိုပါ သစ်များကို စီးပွားရေးအရ ရောင်းဝယ်ခြင်း မပြုရ။ စီးပွားရေးအရ လုပ်ကိုင်နေမှုကို စိစစ် တွေ့ရှိပါက ဥပဒေအရ အရေးယူသွားမည် ဖြစ်သည်။

၇။ အိမ်သုံးသစ် ထုတ်ယူရာတွင် စည်းမျဉ်းစည်းကမ်းများအား ဖောက်ဖျက်ထုတ်ယူပါက သစ်များအားလုံးကို သိမ်းဆည်းပြီး အိမ်သုံးသစ်ထုတ်ယူခွင့် (၁)နှစ် ထပ်မံ ပိတ်ပင်သွားမည် စတာတွေ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်ပြည်သို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ချင်းပြည်သူ့တပ်မတော်ကို ဖိတ်ခေါ် တွေ့ဆုံ

စစ်တွေ ပွိုင့်ကမ်းခြေကို ပြန်လည်ပိတ်၊ ဖွင့်တဲ့ ၃ ရက်လုံး လူစည်းကား

စကမ ဗုံးကြဲခဲ့တဲ့ ကြောင်ချောင်းရွာကို ULA က သိန်း ၂၀၀ ကျော် ထောက်ပံ့