အာရက္ခတိုင်းမ်စ် (၃ မေ ၂၀၂၆)
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အဆောက်အဦးတချို့ ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
“ အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာကတော့ သေချာတယ်။ တည့်တည့်ကိုထိတာ။ ဒါပေမယ့် ဘယ်လောက် ပျက်စီးတယ်ဆိုတာတော့ သေချာ မပြောနိုင်ဘူး။ မှန်ဘီလူးနဲ့ကြည့်တာတောင် ဝေးတော့ သေချာ မမြင်ရဘူး” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အလားတူ မေလ ၄ ရက်က အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ဟာ ကပစ ၁၆ ကို ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကော်မရှင်ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်းအဖြစ် ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အနေနဲ့လည်း ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ-၁၆) အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာ အာရက္ခတပ်တော်နဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ကပစ (၁၆) အနီးမှာရှိတဲ့ မသုန်၊ ပန်းကန်ကွဲနဲ့ ညောင်ကျိုးကျေးရွာ ပတ်ဝန်းကျင်တွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။