ပေါက်တောတွင် မိုးသီးကြွေကျလို့ နေအိမ်တချို့ပျက်စီး

အာရက္ခတိုင်းမ်စ် (၃ မေ ၂၀၂၆)

ရက္ခိုင်ပြည် ပေါက်တောမြို့နယ် စိုင်းတုပ်ကျွန်းရှိ ပုဏ္ဏားကြီးကျေးရွာတွင် မေလ ၂ ရက် နေ့လည် ၁၂ နာရီခန့်တွင် မိုးသက်လေပြင်းနဲ့အတူ မိုးသီးများကြွေကျခဲ့လို့ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

“ တခါမှ မမြင်ဖူးဘူး။ ကျောက်ခဲနဲ့ ထုသလိုပဲ။ တဒုန်းဒုန်း တဒိုင်းဒိုင်းနဲ့ ခေါင်မိုးတွေလည်းပေါက်ကုန်တယ်။ အပင်တွေလည်း ပျက်စီးသွားတယ်” လို့ ပေါက်တောမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိုးသက်လေပြင်း တိုက်ခိုက်နိုင်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အထူးသဖြင့် ရက္ခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီတိုင်း အနောက်ဘက်ခြမ်းရှိ ပြည်သူများ ပိုမိုဂရုစိုက်ကြပါရန် တိုက်တွန်းအပ်ပါတယ်လို့လည်း ဆိုပါတယ်။

“ ရေဒါရှိ အဝါရောင်နဲ့ လိမ္မော်ရောင် အစက်အပြောက်များအရ ဒီဒေသများတွင် မိုးသက်လေပြင်းကျခြင်းနဲ့ မိုးကြိုးပစ်ခြင်းများ ပြင်းထန်နိုင်ပါတယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

ဧပြီလ ၂၉ ရက်ကလည်း ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ရှောင်စခန်းတချို့ဟာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့လို့ ပျက်စီးသွားတယ်လို့သိရပါတယ်။

Photo – Ma Nyein

Related posts

စစ်တွေမှာ ကလေးနဲ့ လူကြီး တောင်းရမ်းသူ ပိုမိုများပြားလာ

■ နျူလက်နက် ပြိုင်ပွဲကြီးကို ရပ်တန့်စေမည့် တခုတည်းသော နည်းလမ်း

AA က ကပစ ၁၆ ကို လက်နက်ကြီးနဲ့ပစ်၊ အဆောက်အဦးတချို့ ပျက်စီး