ULA/AA အနေနဲ့ ရက္ခိုင်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သူ ထွန်းလင်းသိန်းကို ထိရောက်စွာအရေးယူပေးရန် BWU နဲ့ MwiM တောင်းဆို

အာရက္ခတိုင်းမ်စ် (၆ မေ ၂၀၂၆)

ULA/AA အနေနဲ့ ရက္ခိုင်အမျိုးသမီး သတင်းထောက် မခင်သရဖီဦးကို အွန်လိုင်းကတဆင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုမယ်လို့ ခြိမ်းခြောက်ခြင်းနဲ့ သတင်းတင်ဆက်မှုများ မပြုလုပ်ရန် အကြောက်တရားနဲ့ ဖိအားပေးခြင်းများကို ဗြောင်ကျကျကျူးလွန်ခဲ့သူ ထွန်းလင်းသိန်းကို တရားဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူပေးရန် Burmese Women’s Union (BWU)/ Honest Information နဲ့ Myanmar Women in Media (MwiM) တို့က တောင်းဆိုလိုက်ပါတယ်။

“ အမျိုးသမီးသတင်းထောက်တဦးကို ယခုကဲ့သို့ အွန်လိုင်းကတဆင့် လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟာ သတင်းလွတ်လပ်ခွင့်ကို စော်ကားရုံသာမက အမျိုးသမီးများရဲ့ လူ့ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကိုပါ ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်လိုက်ခြင်းဖြစ်ပြီး ယခုဖြစ်ရပ်ဟာ အမျိုးသမီးသတင်းသမား တဦးတယောက်ကိုသာ ပစ်မှတ်ထားတဲ့ ဖြစ်စဉ်တခုမဟုတ်ပါ။ ဒီဖြစ်စဉ်ဟာ မြန်မာ့မီဒီယာလောကတွင် အမျိုးသမီးသတင်းထောက်များရဲ့ သတင်းစုဆောင်းမှုကို မြေပြင်နဲ့ အွန်လိုင်းပေါ်တွင်ပါ ပစ်မှတ်ထားတဲ ခြိမ်းခြောက်မှုများနဲ့ အကျုံးဝင်ပြီး အမျိုးသမီးဖြစ်ခြင်းကို ရည်ရွယ်ကာ လိင်ပိုင်းဆိုင်ရာကို ဦးတည်တဲ့ ခြိမ်းခြောက်မှုဖြစ်တယ်” လို့လည်း BWU နဲ့ MwiM က ဆိုပါတယ်။

မီဒီယာအဖွဲ့အစည်းများနဲ့ လူထုအနေဖြင့် အမျိုးသမီးသတင်းထောက်များကို လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းကို “ ဝေဖန်မှု” လို့ ခေါင်းစဉ်မတပ်ဘဲ “ ရာဇဝတ်မှု” အဖြစ် ဝိုင်းဝန်း ဆန့်ကျင်ပေးကြရန် BWU နဲ့ MwiM က တိုက်တွန်းထားပါတယ်။

“ အထူးသဖြင့် ပဋိပက္ခ ဒေသများတွင် သတင်းမှန်ရရှိရေးအတွက် အသက်ဘေးကြားက ကြိုးပမ်းနေကြသူများကို အကာအကွယ် ပေးရမယ့်အစား၊ သူတို့ရဲ့ သိက္ခာနဲ့ လုံခြုံရေးကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်” လို့လည်း Burmese Women’s Union (BWU)/ Honest Information နဲ့ Myanmar Women in Media (MwiM) တို့က ဆိုပါတယ်။

အလားတူ နိုင်ငံတကာ သတင်းမီဒီယာ ကာကွယ်ရေးအဖွဲ့များ အနေနဲ့လည်း မြန်မာအမျိုးသမီးသတင်းထောက်များ ကြုံတွေ့နေရတဲ့ ဒစ်ဂျစ်တယ်နဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး ခြိမ်းခြောက်မှုများကို အထူးအလေးထား ဆောင်ရွက်ပေးဖို့ BWU နဲ့ MwiM က တောင်းဆိုထားပါတယ်။

Related posts

ARO ခေါင်းဆောင် အဗ္ဗဒူဟာလင်း ပစ်သတ်ခံရ

နတ်ရေကန်စစ်မျက်နှာတွင် လာသမျှတပ်မတွေကို AA စစ်ဦးချိုးနိုင်ခဲ့

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော