ARO ခေါင်းဆောင် အဗ္ဗဒူဟာလင်း ပစ်သတ်ခံရ

အာရက္ခတိုင်းမ်စ် (၆ မေ ၂၀၂၆)

Arakan Rohingya Organisation-ARO ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ် အဗ္ဗဒူဟာလင်းဟာ မူဆလင်ဒုက္ခသည်စခန်းအနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် မီဒီယာများတွင် ဖော်ပြချက်အရ သိရပါတယ်။

မေလ ၅ ရက် ညနေ ၆ နာရီခွဲခန့်အချိန်တွင် အဗ္ဗဒူဟာလင်းဟာ ဘာလုခါလီကနေ ခီယာမြို့၊ ကူတူပါလောင် မူဆလင်ဒုက္ခသည်စခန်း အနီးတွင် လက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်တွင် ARO ထိပ်ပိုင်းခေါင်းဆောင်နဲ့အတူ ပါလာတဲ့ မိုဟာမက်လွန်လာ (၃၇) နှစ်နဲ့ နူရ်မိုဟာမက် (၃၂) နှစ်တို့ ဒဏ်ရာရရှိခဲ့​ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုဟာ ARSA နဲ့ ဆက်စပ်နိုင်တယ်လို့ ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့က ကနဦး သံသယရှိနေတယ်လို့လည်း သိရပါတယ်။

ဒုက္ခသည်စခန်းအနီးတွင် ယခုလို လက်နက်ကိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့လို့ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဒုက္ခသည်များအနေနဲ့ စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် မူဆလင်ဒုက္ခသည်စခန်းများတွင် မူဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ ARSA၊ RSO၊ ARA၊ RIM၊ ARO စတဲ့အဖွဲ့များ ဝင်ရောက်လှုပ်ရှားနေကြပြီး စခန်းနေ မူဆလင်ဒုက္ခသည်များကို အတင်းအဓမ္မ စီးနင်းမှု၊ ပစ္စည်းသိမ်းယူမှုနဲ့ ခြိမ်းခြောက်မှုများ မကြာခဏ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

Related posts

ULA/AA အနေနဲ့ ရက္ခိုင်အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သူ ထွန်းလင်းသိန်းကို ထိရောက်စွာအရေးယူပေးရန် BWU နဲ့ MwiM တောင်းဆို

နတ်ရေကန်စစ်မျက်နှာတွင် လာသမျှတပ်မတွေကို AA စစ်ဦးချိုးနိုင်ခဲ့

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော