အာရက္ခတိုင်းမ်စ် (၁၃ မေ ၂၀၂၆)
ရက္ခိုင့်တော်လှန်ရေးအတွက် တာဝန်ကျေပွန်တဲ့ တော်လှန်ရေးသမား စစ်စစ်ဖြစ်သူ ဗိုလ်မှူး မောင်စောယဉ် ကွယ်လွန်ခြင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ လေးစားအတုယူဖွယ်ကောင်းတဲ့ စိတ်ဓာတ်၊ လုပ်ရပ်များအပေါ် ဂုဏ်ယူ ဂါရဝပြု ဦးညွှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က မေလ ၁၃ ရက်မှာ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
“ ဖက်ဆစ် နယ်ချဲ့အုပ်ချုပ်သူတို့အောက်က အာရက္ခတမျိုးသားလုံး အလုံးစုံ လွတ်မြောက်ရီးနဲ့ ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်လူမျိုးများလက်နဲ့ ရေးထိုးနိုင်ရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့် ရရှိရေးတို့အတွက် ပေးဆပ် စွန့်လွှတ် အနစ်နာခံကာ ရက္ခိုင့်တော်လှန်ရေးအတွက် တာဝန်ကျေခဲ့သူ၊ တော်လှန်ရေးသမားစစ်စစ်ဖြစ်သူ ဗိုလ်မှူး မောင်စောယဉ်ရဲ့ လေးစားအတုယူဖွယ်ကောင်းတဲ့ စိတ်ဓာတ်၊ လုပ်ရပ်များကို ဂုဏ်ယူ ဂါရဝပြု ဦးညွှတ်ပြီး သဝဏ်လွှာကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က ဂုဏ်ပြု ပေးအပ်ပါတယ်” လို့ ဖော်ပြထားပါတယ်။
ဗိုလ်မှူး မောင်စောယဉ်ဟာ ရခိုင်ပြည်ကွန်မြူနစ်ပါတီ (ACP)၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးတပ်ဦး (NUFA)၊ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) အစရှိတဲ့ ရက္ခိုင်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များတွင် အဓိက ဦးဆောင်သူတဦး ဖြစ်ပြီး ဗိုလ်ချုပ် ခိုင်ရာဇာ ဦးဆောင်တဲ့ ရခိုင်တပ်မတော် (AA) ရဲ့ စစ်ရီးချုပ် အဖြစ် တာဝန်ယူခဲ့ပြီး မင်းပြားမြို့သိမ်းတိုက်ပွဲကို ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဗိုလ်မှူး မောင်စောယဉ်ရဲ့ အထူးခြားဆုံးသော ဝိသေသမှာ ရန်သူထံ လက်နက်မချသော သတ္တိနဲ့ ဒူးထောက် အညံ့မခံသော စိတ်ဓာတ်ပင် ဖြစ်တယ်လို့လည်း ULA/AA က ဆိုပါတယ်။
၁၉၄၉ ခုနှစ်တွင် ရက္ခိုင်ပြည် မင်းပြားမြို့နယ် သစ်ပုတ်တောင်ရွာတွင် မွေးဖွားခဲ့တဲ့ (Arakan Communist Party-ACP) ရခိုင်ပြည်ကွန်မြူနစ်ပါတီ ပါတီဝင် ဗိုလ်ချုပ် ခိုင်ရာဇာ ထူထောင်ခဲ့တဲ့ ရခိုင်တပ်မတော် (AA) ရဲ့ စစ်ရီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူး မောင်စောယဉ်ဟာ ဖခင် ဦးနီတူနဲ့ မိခင် ဒေါ်တောသူမ တို့ရဲ့ မွေးချင်း (၂) ယောက် အနက် ဒုတိယမြောက်သားဖြစ်ပြီး အသက် (၇၇) နှစ်ပြည့်ချိန် ၂၀၂၆ ခုနှစ် မေလ (၁၁) ရက် မနက် (၈) နာရီခန့်တွင် ဘင်္ဂလားဒေ့ချ်နိုင်ငံ ရွာတော်ခရိုင် ဗျိုင်းမတောက်ရွာတွင် (၉၆) ပါး ရောဂါနဲ့ ကွယ်လွန်အနိစ္စ ရောက်သွားခဲ့တဲ့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ပါတီဝင်များ၊ တပ်ဖွဲ့ဝင်များ၊ တော်လှန်ရေး ရဲဖော်ရဲဖက်များက မိသားစု၊ ဆွေမျိုးများနဲ့ ထပ်တူ ဝမ်းနည်းပါတယ်လို့လည်း ဆိုပါတယ်။