အမတ ၃၄၄ အမြောက်တပ်ကို ယာယီသိမ်းပိုက်နိုင်ခဲ့လို့ သတင်းထွက်ပေါ်

အာရက္ခတိုင်းမ်စ် (၁၈ မေ ၂၀၂၆)

ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ မြောက်စမ်းရွာရှိ အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ယာယီသိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

“ အမတ ၃၄၄ ကို ဝန်းရံထားတဲ့ ကာကင်းစခန်းတွေ အကုန်လုံးကို မေလ ၁၅ ရက်ကတည်းက သိမ်းနိုင်ခဲ့တယ်။ အမြောက်တပ်ထဲအထိ ဝင်ရောက်နိုင်ခဲ့တယ်။ ပြီးမှ ပြန်ဆုတ်ခဲ့တာ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အမြောက်တပ် (အမတ ၃၄၄) တပ်ရင်း မကျစေရေးအတွက် စစ်ကော်မရှင်က လေကြောင်းကနေ ဗုံး အဆက်မပျက် ကြဲနေတာလို့ ခေတ္တ ပြန်လည်ဆုတ်ခွာခဲ့တာလို့လည်း သိရပါတယ်။

အမတ (၃၄၄) အမြောက်တပ်စခန်းဟာ ငသိုင်းချောင်းမြို့ စစ်ဆေးရေးဂိတ်ရောက်ရန် ၂ မိုင်ခန့်သာလိုတော့တဲ့ အမြောက်တပ်တခုလည်း ဖြစ်ပါတယ်။

“ အမြောက်တပ်က တပ်မိသားစုတွေ ဟင်္သာတကို ပြေးလာကြတယ်။ အမြောက်တပ်ကျသွားပြီလို့တော့ ပြောသံကြားနေတယ်။ ပြေးလာကြတာတော့ မိန်းမတွေနဲ့ ကလေးတွေများတယ်” လို့ ဟင်္သာတမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပုသိမ်အထူးသတင်းတပ်ဖွဲ့-ပုသိမ်ကလည်း အမတ (၃၄၄)ဟာ AA နဲ့ PDF တွေလက်ထဲကျရောက်မယ့် အခြေအနေ ဆိုက်ရောက်နေတယ်လို့ ဆိုထားပါတယ်။

အမြောက်တပ် (အမတ ၃၄၄) တပ်ရင်းရဲ့အောက်မှာတော့ ဧရာဝတီတိုင်း ဖျာပုံမြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၉၈)၊ ဓနုဖြူအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ – ၁၀၈) နဲ့ တပ်မ ၆၆ လက်အောက်ခံ (ခလရ ၁၄) တပ်ရင်း တို့ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်က ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကို ခံစစ်စခန်းအသွင်ပြောင်းပြီး စစ်အင်အား ထောင်ချီဖြည့်တင်းကာ ရက္ခိုင်ပြည်တောင်ပိုင်းကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေချိန်မှာ အာရက္ခတပ်တော်က အမတ ၃၄၄ ကို ထိုးစစ်ဆင်လိုက်တာလည်း ဖြစ်ပါတယ်။

Related posts

ရက္ခိုင်ဝန်ကြီးချုပ် ကျောက်ဖြူလာပြီး ဒေသခံတွေကို ပညာရေးဦးစားပေးဖို့ ပြော

ပုဏ္ဏားကျွန်းစစ်ရှောင်စခန်းက အမျိုးသမီး ၈၀ အတွက် လစဉ်သုံးပစ္စည်း ထောက်ပံ့

ကျောက်ဖြူ စနဲဘက်မှာ စကမ တပ်သား ၁၀၀ ကျော်ကျ