စကမ ဂိတ်အားလုံးက လွှတ်ပေးလိုက်တဲ့ မူးယစ်ဆေးပြား ၃၂ သိန်း ကို AA က ပန်းတောင်းတွင် ဖမ်းဆီးရမိ

အာရက္ခတိုင်းမ်စ် (၁၉ မေ ၂၀၂၆)

စစ်ကော်မရှင်ဂိတ် အဆင့်ဆင့်ကနေ ငွေကြေးယူကာ လွှတ်ပေးလိုက်တဲ့ မူးယစ်ဆေးဝါး ၃၂ သိန်းကို ပြည်ခရိုင် ပန်းတောင်းမြို့နယ်တွင် အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် မေလ ၁ ရက် နေ့လည် ၁၂ နာရီခန့်မှာ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ဟာ ဥသျှစ်ပင်မြို့အနီးပတ်ဝန်းကျင်တွင် နယ်မြေကင်းလှည့်နေစဉ် မသင်္ကာဖွယ်ရာ တဲတလုံးကို တွေ့ရှိလို့ ဝင်ရောက်စစ်ဆီးရာတွင် တဲအတွင်း ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်နေ (အဖ) ဦးကျော်ခဲရဲ့သား အောင်လကျော် (၄၀ နှစ်) နဲ့ ပြည်မြို့၊ ဗိုလ်တထောင်ရပ်ကွက်နေ (အဖ) ဦးသောင်းရဲ့သား အောင်ကျော်မိုး (၄၁နှစ်) တို့ကို RS မြင်းတံဆိပ်ပါ WY စိတ်ကြွဆေးပြား အရေအတွက် (၃၂) သိန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ WY စိတ်ကြွဆေးပြား ပိုင်ရှင်တွေကတော့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နီ ဦးမိုးကျော်ထွေး (၄၁ နှစ်) နဲ့ အင်းစိန်မြို့တွင် နေထိုင်သူ ဦးရန်နိုင် (၄၄ နှစ်န့်) တို့ဖြစ်ပြီး သူတို့ဟာ စစ်ကော်မရှင်နဲ့ ပတ်သက်နေသူများဖြစ်ပြီး WY စိတ်ကြွဆေးပြားများကို စစ်ကော်မရှင်တပ် ထိန်းချုပ်ထားတဲ့ ပြည်ခရိုင်အတွင်း စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးခြင်း လုံးဝမရှိဘဲ ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း တရားခံများက ထွက်ဆိုခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ အမှုကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ တရားဥပဒေစိုးမိုးရီးနဲ့ ပြည်သူ့လုံခြုံရေးဌာန (ဒီလပ်) က မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ – ၁၉ (က)/၂၁/ကျင့် – ၅၁၂ အရ ၂၀၂၆ ခုနှစ်၊  မေလ (၁၅) ရက်တွင် အမှုဖွင့် အရေးယူထားပြီး အမှုသက်သေခံပစ္စည်းများသိမ်းဆည်းခြင်း၊ ကွင်းဆက်တရားခံများကို ဆက်လက်စစ်ဆေးဖေါ်ထုတ် အရေးယူခြင်း အပါအဝင် ကျန်လုပ်ငန်းများကို ပြည့်စုံခိုင်မာစွာ တည်ဆောက်ပြီး ဥပဒေအကြံပြုချက်နဲ့အညီ ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

ပြည်ခရိုင် ပန်းတောင်းမြို့နယ်ဟာ လက်ရှိ မြန်မာနိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲသွားတဲ့ စစ်ရေး၊ ပထဝီနိုင်ငံရေးနဲ့ နိုင်ငံရေးပထဝီ အရ အာရက္ခတပ်တော် လှုပ်ရှားတဲ့ ဒေသတခုလည်းဖြစ်ပြီး အာရက္ခတပ်တော်အနေနဲ့ ဒေသခံပြည်သူလူထုများနဲ့အတူ တရားဥပဒေစိုးမိုးရေးကို အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတဲ့ နေရာဒေသလည်း ဖြစ်ပါတယ်။

အလားတူ အာရက္ခတပ်တော် လှုပ်ရှားနေရာ နယ်မြေ၊ ဒေသတိုင်းတွင် မူးယစ်ဆေးဝါးပပျောက်ရေး အပြင်” ကျားဖျန့် လုံးဝမရှိစေရ” ၊ “ ကျားဖျန့် သမားများအတွက် နေရာ လုံးဝ မရှိစေရ” ဆိုတဲ့မူကို အခိုင်အမာ စွဲကိုင်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်လျက် ရှိတယ်လို့လည်း သိရပါတယ်။

Related posts

AA ထိန်းချုပ် လှုပ်ရှားရာ နယ်မြေတိုင်းတွင် မူးယစ်ဆေးဝါးနဲ့ ကျားဖျန့် လုံးဝမရှိစေရလို့ဆို

စနဲမြို့ကို စကမ ဒရုန်းနဲ့ဗုံးကြဲ၊ အိမ်ခြေ ၁၀၀ လောက် မီးလောင်သွား(မနေ့က ဖော်ပြခဲ့တဲ့သတင်းကို ဓာတ်ပုံမှတ်တမ်းနဲ့ ပြန်လည်တင်ဆက်တာ ဖြစ်ပါတယ်)

ဘူးသီးတောင်တွင် AA ကြောင့် ကလေးငယ်အပါအဝင် မွတ်ဆလင် ၁၇၀ သေဆုံးခဲ့တယ်လို့ HRW ထုတ်ပြန်