နတ်ရေကန်ရဲ့ ခြေကုပ်စခန်းတခု AA သိမ်းပိုက်

အာရက္ခတိုင်းမ်စ် (၂၃ မေ ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းရဲ့ ခြေကုပ်စခန်းငယ်တခုကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

“နတ်ရေကန် ကမ္ဘာလုံး စခန်းရဲ့ အထောက်အကူပြု ခြေကုပ်စခန်းငယ်တခုကို မေလ ၁၈ ရက်နေ့မှာ ထပ်မံ လက်လွှတ် ခဲ့ရပါတယ်။ အင်အား ဘယ်လောက်နဲ့ တပ်စွဲထားတဲ့ စခန်းဆိုတာ မသိရပေမယ့် လေကြောင်း တိုက်ခိုက်မှုတွေ ကြားထဲကနေ အာရက္ခနဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်တယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နတ်ရေကန် ဗျူဟာကုန်းကို စစ်ကော်မရှင်တပ်က ပဒါန်းတပ်နယ်ရှိ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၇၅ အမြောက်တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက်တပ်ရင်းတွေကနေ စစ်အင်အားတွေ အဆက်မပြတ် ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။

နတ်ရေကန်ဗျူဟာကုန်းစခန်းကို အမ်း – ပဒါန်းလမ်းပိုင်းက အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ဆောက်ထားတာဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတခုဖြစ်သလို ရက္ခိုင်ပြည် အပါအဝင် မြန်မာနိုင်ငံရဲ့ အနောက်ဖက်က လေကြောင်းရန်တွေကို ထောက်လှမ်းဖို့အတွက် ပြုလုပ်ထားတာကြောင့် အရေးပါတဲ့ စခန်းကုန်းတခုလည်း ဖြစ်ပါတယ်။

အဆိုပါ ဗျူဟာကုန်းအနီးက ကာကင်းစခန်းတွေဖြစ်တဲ့ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက်၊ ဂုတ်စည်း၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

မကွေးတိုင်းအစပ် နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဖြစ်တဲ့ ချင်းကာကွယ်ရေးတပ်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်းအခြေစိုက် PDF တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA (မကွေး) တပ်တွေက ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ