အာရက္ခတိုင်းမ်စ် (၂ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အရက်မူးပြီး မောင်းလာတဲ့ ဘေးတွဲက ဆိုင်ကယ်ကို ဝင်တိုက်မိတာကြောင့် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက ဆိုပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ မေလ ၃၁ ရက်၊ ည ၇နာရီ ၅၈ မိနစ်မှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဟိုင်းဝေးလမ်းမကြီး တနေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘေးတွဲမှာ လိုက်ပါလာတဲ့ အမျိုးသား ၂ ဦး နဲ့ ဆိုင်ကယ်ပေါ် လိုက်ပါလာတဲ့ အမျိုးသား ၂ ဦး စုစုပေါင်း ၄ ဦး ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ မနေ့က ဆိုင်ကယ် accident ဖြစ်တဲ့ ဖြစ်စဉ်ကတော့ ဘေးတွဲမှာ ၂ ယောက်။ ဘေးတွဲကနေပြီး မှားတာပေါ့။ ဘေးတွဲက အရက်မူးပြီး လာပြီး ဆိုင်ကယ်ကို ဝင်တိုက်တာ။ နာတာတော့ ဘေးတွဲကလူရော ဆိုင်ကယ်ကလူရော အကုန်လုံး နာသွားကြတာ” လို့ အဆိုပါ ဖောင်ဒေးရှင်းရဲ့ ဥက္ကဌဖြစ်သူ ကိုမျိုးချစ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသား ၄ ဦးကိုတော့ ရှေးဦးသူနာပြုနည်းနဲ့ ကုသပေးခဲ့ပြီး ဆေးခန်းကို ဆေးကုသဖို့ ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၁ ရက်မှာလည်း ရက္ခိုင်ပြည်တွင် ဆေးဝါးနဲ့ လူမှုကူညီရေး ဆောင်ရွက်ပေးနေတဲ့ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းရဲ့ စေတနာ့ဝန်ထမ်း ၁ ဦး ဖြစ်သူ ကိုဝင်းဘု(ခေါ်) ဦးဝင်းမောင်သိန်းဟာ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကားတိုက်ခံရတဲ့အတွက် သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ ကားမောင်းသူကို ဒီလပ်တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက မိုးရာသီအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရန် ၅ ချက်နဲ့ ရှောင်ရန် ၅ ချက်ကို မေလ ၂၅ ရက်က ထုတ်ပြန်ထားပါတယ်။