ရာစုသစ်ဘော်ဒါဆောင်က ကျောင်းသား မီးလောင်သေဆုံးမှုရဲ့ တရားခံနဲ့ သက်သေဖျောက်ဖျက်သူကို ဖမ်းမိ

အာရက္ခတိုင်းမ်စ် (၁၂ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည်၊ မင်းပြားမြို့ရှိ ရာစုသစ်ဘော်ဒါဆောင်က ကျောင်းသား ၁ ဦး မီးလောင်သေဆုံးခဲ့မှုရဲ့ တရားခံနဲ့ သက်သေဖျောက်ဖျက်သူကို ဖမ်းဆီးရမိခဲ့‌တယ်လို့ ဒီလပ်က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်၊ မနက်‌ အစောပိုင်း ၁ နာရီမှာ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ရှိ ရာစုသစ်ဘော်ဒါဆောင်မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ဘော်ဒါဆောင်မှာ Grade-12 တက်ရောက်နေတဲ့ မင်းပြားမြို့နယ်၊ ကျွဲကြိုရွာနေ (အဖ) ဦးဦးကျော်ဇံရဲ့ သားဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် မောင်ငြိမ်းထက်ကျော်ဟာ ဦးခေါင်းဘယ်ဖက်ခြမ်း ပေါက်ပြဲ သွေးထွက် ဒဏ်ရာ ၁ ချက်နဲ့ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။ မနက် ၁၁နာရီ ၄၅ မိနစ် အချိန်မှာတော့ ဆေးကုသမှုခံယူရင်း ဆေးရုံမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး မင်းပြားမြို့မ ဒီလပ်စခန်းက မင်းပြားမြို့နယ်တရားရုံးကို သေမှုသေခင်း စစ်နိုင်ရန် တင်ပို့ခဲ့ပြီး သက်သေတွေရဲ့ ထွက်ဆိုချက်အရ မီးလောင်သေဆုံးမှုဟာ လူတဦးတယောက်ရဲ့ ပယောဂကြောင့် ဖြစ်နိုင်တဲ့အတွက် သက်ဆိုင်ရာ ဒီလပ်စခန်းက (ပ) ၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုရေးဖွင့်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ အမှု စတင်ပေါ်ပေါက်ချိန်မှာ အစိုးရဖက်မှ လက်လှမ်းမမီတဲ့အပြင် တိုက်ပွဲများလည်း ဆက်ဖြစ်နေတဲ့ ကာလဖြစ်တာ‌ကြောင့် ဒီလပ်တပ်ဖွဲ့ဝင်များ လုံလုံလောက်လောက် မရှိခဲ့တဲ့နည်းတူ ဘော်ဒါဆောင် တာဝန်ရှိသူတွေအနေနဲ့ အခင်းဖြစ်စဉ်အား သတင်းပေး တိုင်တန်းမှုမရှိခြင်း၊ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားပြီး ဆေးရုံမှ အကြောင်းကြားမှသာ သက်ဆိုင်ရာက သိရှိခြင်း၊ သွားရောက် စစ်ဆေးစဉ် အခင်းဖြစ်ရပ် အခြေအနေမှာ မူလအနေအထားအတိုင်း မတွေ့ပဲ ရှင်းလင်း ဖျောက်ဖျက်ထားသဖြင့် မှုခင်းဖြစ်ရပ်မှန် ဖော်ထုတ်နိုင်ရေးနဲ့ တရားခံ မည်သူဖြစ်ကြောင်း သုံးသပ်ရန် ခက်ခဲတာကြောင့် အမှုမှန် ပေါ်ပေါက်ခြင်းမရှိပဲ (၁၀) လကျော် ကြာမြင့်ခဲ့ရတာ ဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်ရုံးက ၂၀၂၆ ခုနှစ်၊ မေလ (၁၃) ရက်တွင် “ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” ဖွဲ့စည်းခဲ့ပြီး ဆက်လက် စစ်ဆေးခဲ့ရာ ဘော်ဒါဆောင်အလယ်ထပ်မှာ အိပ်တဲ့ သေဆုံးသူရဲ့ ဝမ်းကွဲညီအကိုဝောာ်စပ်သူ သံသယတရားခံ Grade-12 ကျောင်းသား ရဲဝင်းအောင်ကို ညာဖက်လက်သန်းရင်းမှာ မီးလောင်ဒဏ်ရာ ရရှိ‌ထားတာကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

စုံစမ်းမှုအရ သေဆုံးသူဟာ သူ့ကို ခြင်ကိုက်စေရန် ခြင်ထောင်လှန်ပြီး စနောက်ခဲ့တာကြောင့် သေဆုံးသူကို ထိုကဲ့သို့ ပြန်လည် စနောက်ခဲ့ကြောင်း၊ ထို့နောက် ခြင်ထောင်ကြိုးကိုပါ ဖြတ်လိုတာကြောင့် ခြင်ထောင်စွန်းကို အသင့်ပါလာတဲ့ မီးခြစ်နဲ့ခြစ်စဉ် မီးတောက်ကြီးဟာ ခြင်ထောင်အစွန်းကို လောင်ကျွမ်းခဲ့ပြီး ခြင်ထောင်ကြိုးမှ မီးတစက်က သူ့ရဲ့ ညာဖက်လက်သန်းရင်းကိုကျလို့ လက်မှာ ကိုင်ထားတဲ့မီးခြစ် အောက်ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ မီးပြင်းလာလို့ ခြင်ထောင်ထဲမှာ အိပ်နေတဲ့ သေဆုံးသူကို ဆွဲထုတ်ရန် ပြင်စဉ် မီးပုံထဲကနေ အရာဝတ္ထုတခု အက်ကွဲသံနဲ့အတူ မီးတောက်လောင်မှု အလွန်ပြင်းထန်လာတာကြောင့် ဆွဲထုတ်နိုင်ခြင်းမရှိပဲ သူအိပ်တဲ့ အိပ်ရာထဲမှာ အိပ်ဟန်‌ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

တရားခံ ရဲဝင်းအောင်ဟာ မင်းပြားမြို့နယ် တရားရုံးမှာ ပြစ်မှုကို ဝန်ခံခဲ့ပြီး ပြစ်မှုကျုးလွန်စဉ် အသုံးပြုခဲ့တဲ့ မီးခြစ်ကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခင်းဖြစ်ရာက သက်သေတွေကို ရှင်းလင်း ဖျောက်ဖျက်ခဲ့တဲ့ ဘော်ဒါဆောင်ပိုင်ရှင် ဦးလှမင်းကိုလည်း ဥပဒေနဲ့အညီ အရေးယူရန် ဆက်လက်ဆောင်ရွက်နေတယ်လို့ အာရက္ခမှုခင်းနဲ့ဆက်စပ်သတင်းများ ထုတ်ပြန်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Related posts

သေနတ်သံများနဲ့ဆောက်ထားတဲ့ တိုင်းပြည်

ကျောက်ဖြူတိုက်ပွဲတွင် ဒုတိယဗိုလ်မှူးကြီး ၁ ဦး AA စနိုက်ဘာကြောင့် သေဆုံး

စစ်တွေတိုက်ပွဲ နာရီကန်ရွာနားထိ ရောက်လာ