သံတွဲ၊ ငပလီမှာ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းချသူတွေကို ဒီလပ် ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁၄ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲခရိုင် သံတွဲနဲ့ ငပလီမြို့မှာ မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူတွေကို အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) က ဇွန်လ ၉ ရက်နဲ့ ၁၀ ရက်တွင် ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။

“ သံတွဲမြို့ ရွှေကျောင်းပြင်မှာ ရောင်းဝယ်နေတယ်လို့ သတင်းထွက်နေတာကြာပြီ။ ၉ ရက်ကနေ့က အိမ်ကိုသွားပြီး ဖမ်းတာကနေ စုစုပေါင်း ၃ ယောက် ဖမ်းမိတယ်။ နောက်ထပ်လည်း ဆက်စပ်နေတဲ့သူတွေကို ဖမ်းမိလို့ လုပ်ဆောင်နေတယ်” လို့ သံတွဲမြို့နယ် ဒီလပ်တပ်ဖွဲ့ဝင်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS) အနေနဲ့ သံတွဲမြို့ ရွှေကျောင်းပြင်ရွာနေ ဦးအောင်အောင်ဟာ ရွာအတွင်း မူးယစ်ဆေးဝါးရောင်းနေတယ်လို့ သတင်းအရ သွားဖမ်းရာကနေ ဦးအောင်အောင်ကို ရောင်းချပေးနေတဲ့ ဒိုင်ဖြစ်သူ ဦးဘိုဘိုကြီး (ခ) မောင်မောင်မြင့်ကိုပါ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဒိုင်ဖြစ်သူ ဦးဘိုဘိုကြီးဆီတွင် အလေးချိန် ၃ ကီလိုဂရမ်ကျော်ရှိတဲ့ ICE ၂၇ ထုပ် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သံတွဲမြို့နယ် ငပလီမြို့၊ မြပြင်မှာနေထိုင်တဲ့ ကိုယ်တိုင်သုံးစွဲပြီး ရောင်းချသူ ကိုညီညီ (ခ) စစ်သွေးညီ ကိုလည်း ICE မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့သူတွေကတော့ သံတွဲမြို့နယ်၊ ရွှေကျောင်းပြင်ရွာနေ အသက် ၃၈ နှစ်အရွယ် ဦးအောင်အောင်၊ အသက် ၅၂ နှစ်အရွယ် ဦးဘိုကြီး (ခ) မောင်မောင်မြင့် နဲ့ ငပလီမြို့၊ မြပြင် ၆ ရပ်ကွက်နေ အသက် ၂၆ နှစ်အရွယ် ကိုညီညီ (ခ) ကိုစစ်သွေးညီတို့ ဖြစ်ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ကာလပေါက်စျေးအရ ကျပ်သိန်း ၃၀၀ နီးပါး တန်ဖိုးရှိတယ်လို့ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဌာန (DLEPS)ထံက သိရပါတယ်။

လက်ရှိမှာတော့ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ ၃ ဦးကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)၊ ၂၀(က)၊ ၂၁(က) တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

Related posts

စစ်ရေးရှုံးနိမ့်နေလို့ ရွေးတုအစိုးရဟာ ရေကြည်တွင် အမြောက်တပ်များ ထပ်မံချထား

ရက္ခိုင်ကမ်းရိုးတန်းတလျောက် ရေကြီးခြင်းနဲ့ မြေပြိုခြင်း အန္တရာယ် မြင့်မားနေ

ကျေးရွာ ၁၀ ရွာကျော်က ၅ နှစ်အောက် ကလေးတွေကို AA က အခမဲ့ ကာကွယ်ဆေးထိုးပေး