အာရက္ခတိုင်းမ်စ် (၁၅ ဇွန် ၂၀၂၆)
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက သူတို့ အုပ်ချုပ်ထားတဲ့ မြို့နယ်တွေထဲက ပညာရေးဝန်ထမ်းတွေကို ဒီနှစ်ထဲမှာ လစာပေးနိုင်ဖို့အတွက် ဘတ်ဂျက်ငွေ ချပေးဖို့ လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာတော့ AA ထိန်းချုပ်မှုအောက်က မြို့နယ်တွေမှာရှိနေတဲ့ ကျောင်းဆရာ/ဆရာမတွေဟာ ကလေးတွေရဲ့ ပညာရေးအတွက် လစာမရဘဲ ပညာသင်ကြားရေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်ပေးခဲ့ကြပြီး ဒီနှစ်ထဲမှာတော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ ပညာရေးဌာနကို လစာ စတင် ပေးဆောင်နိုင်ဖို့ ပြင်ဆင်လာတာလည်း ဖြစ်တယ်လို့ မြောက်ဦးမြို့နယ် အာရက္ခအမျိုးသားပညာရေးဌာနက ကျောင်းအုပ်တစ်ဦးက ပြောပါတယ်။
“ ပြီးခဲ့တဲ့နှစ်ကတော့ လစာမရှိခဲ့ကြဘူး။ ကလေးတွေ ပညာရေးအတွက် ကျောင်းသားမိဘတွေနဲ့ ကျောင်းဆရာတွေ ညှိနိူင်းပြီးတော့ ငွေကြေးတချို့ ကောက်ခံပြီး ပညာရေးစနစ်ကို မပြတ်အောင် လုပ်ဆောင်ခဲ့တာတော့ ရှိတယ်။ ဒီနှစ်မှာတော့ အစိုးရက ပညာရေးအတွက် ဘတ်ဂျက်ချပေးဖို့ ရှိတယ်လို့ သိထားရတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေထဲက AA ထိန်းချုပ်နယ်မြေအတွင်းမှာ သင်ကြားပေးခဲ့တဲ့ ပညာရေးဌာနရဲ့ သင်ကြားမှုစနစ်ဟာ လက်ရှိ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ သွားနေတဲ့ စစ်အစိုးရရဲ့ ပညာရေးစနစ်နဲ့ သင်ကြားခဲ့ကြတာ ဖြစ်ပြီးတော့ လက်ရှိမှာတော့ အဲဒီစနစ်ကနေ ခွဲထွက်ပြီးတော့ ကိုယ်ပိုင်ပညာ ရေးယန္တရားတစ်ခုအနေနဲ့ လည်ပတ်နိုင်ဖို့ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လုပ်ဆောင်နေတာပါ။
ဒါ့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးနဲ့ အစားထိုးခန့်အပ်နိုင်ရေးအတွက် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းဆရာ/ဆရာမတွေကို ခေါ်ယူကာ အာရက္ခအမျိုးသားပညာရေးဌာနက ဝင်ခွင့်စာမေးပွဲကို ခေါ်ယူကာ စစ်ဆေးပေးမှုတွေကို လုပ်ဆောင်နေပါတယ်။
“ အခုလို ဝင်ခွင့် စာမေးပွဲ ဖြေဆိုရတာက ကောင်းပါတယ်။ ဘယ်သူ့ကိုတော့ ဘယ်နေရာမှာ ခန်အပ်လို့ ရတယ်ဆိုတာကိုလည်း သိသွားတယ်။ အရင်တုန်းကဆိုရင် ပရမ်းပတာ လုပ်နေရတာကို အခုလို စစ်ဆေးမှုလုပ်တော့ လူမှန် နေရာမှန် ဖြစ်သွားတယ်။ ကိုယ့်စနစ်နဲ့ကိုလည်း ဖြစ်သွားတာပေါ့” လို့ မြေပုံမြို့နယ် အတွင်းက ကျောင်းဆရာတစ်ဦးက ဝင်ခွင့်စာမေးပွဲ ဖြေဆိုမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိ ပညာရေးဌာနအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဘတ်ဂျက်ချပေးဖို့ ပြင်ဆင်နေတယ်ဆိုတာကို သိထားရပေမယ့် လစာရမယ့် အသေးစိတ် အခြေအနေကိုတော့ တိတိကျကျ သိရတာ မရှိသေးဘူးလို့လည်း ပညာရေးအသိုင်းအဝိုင်းက ဆိုကြပါတယ်။
အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည် ၁၇ မြို့ထဲက ၁၄ မြို့နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တွေကို ထိန်းချုပ်ထားပြီးတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးတစ်ရပ်အနေနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရတစ်ရပ် ဖွဲ့စည်းကာ ပညာရေးအပြင်၊ ကျန်းမာရေး၊ တရားရေး စတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကိုပါ အရှိန်မြှင့် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။