ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားနိုင်ငံသား ၇ ဦးကို AA ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၁၆ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရက္ခိုင်ရေပိုင်နက်အတွင်းသို့ တရားမဝင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးကို အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့က ဇွန်လ ၁၅ ရက် မနက် ၉ နာရီခန့်တွင် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“ လာဖမ်းနေတာက စုစုပေါင်း ၄ စီး။ ၂ စီးပဲ မိလိုက်တယ်။ ၂ စီးကတော့ ဘင်္ဂလာဖက်ကို ထွက်ပြေး လွတ်မြောက်သွားတယ်” လို့ မောင်တောမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီးရမိတဲ့ တရားမဝင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးဟာ ၄ ဦး ၁ စီး၊ ၃ ဦး ၁ စီးနဲ့ ငါးခိုးဖမ်းနေတာလည်း ဖြစ်ပါတယ်။

အဆိုပါ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇ ဦးကို စက်လှေနဲ့အတူ အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်ဖွဲ့ က ထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်ရေပိုင်နက်အတွင်း ဝင်ရောက် ငါးခိုးဖမ်းနေသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေသလို အရေးယူမှု ကာလပြီးဆုံးသူတွေကိုလည်း ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံ တရားဝင် လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်ကလည်း ရက္ခိုင်ပြည် ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းလို့ အရေးယူထားတဲ့ ဘင်္ဂလားဒေ့ချ်ရေလုပ်သားတွေထဲက (၇၃) ယောက် ဘင်္ဂလားဒေ့ချ်နယ်ခြားစောင့်တပ်ထံသို့ အာရက္ခတပ်တော် က ပြန်လည်လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။

Photo – APM

Related posts

သက်တမ်းကုန်နေတဲ့ အလှကုန်များ မရောင်းချရန် AA သတိပေး

ကူတောင်ရွာ ခရီးသည်တင် ဘုတ်နစ်မြုပ်မှုတွင် သေဆုံးသူ ၁၁ ဦးထိ ရှိလာ

ဂွကို ရွေးတုအစိုးရ ဗုံး ၂ ကြိမ်ချ၊ စာသင်ကျောင်နဲ့ နေအိမ်တချို့ ပျက်စီး