အာရက္ခတိုင်းမ်စ် (၁၇ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို ရွေးတုအစိုးရတပ်က ဇွန်လ ၁၇ ရက် နေ့လည် ၃ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၁၄ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ တစ်စီးပြီး တစ်စီး လာပြီး ကြဲချတာ၊ ၃ စီးလောက်တောင် ရှိမလား မသိဘူး။ အနည်းဆုံးတော့ ၁၀ ကြိမ်လောက် ကျသံကြားလိုက်ရတယ်။ ယာယီဈေးကိုကျတာဆိုတော့ အသေအပျောက်က များသွားတာပေါ့” လို့ ကျောက်တော်မြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာတွေနဲ့ ကျောက်တော်မြို့နယ်က ပိုက်သည်ရပ်ကွက်နဲ့ လမ်းမတော်ရပ်ကွက်ကို ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ရွေးတုအစိုးရတပ်ရဲ့ ဂျက်ဖိုက်တာတွေဟာ မကွေး၊ နေပြည်တော်နဲ့ တံတားဦးလေတပ်ကနေ လာရောက် ဗုံးကြဲချခဲ့တာလို့ ဝေဟင်အဖွဲ့ထံမှ သိရပါတယ်။
“ ကြဲတာက ၁ နာရီ နီးပါးကို ကြာတယ်။ ၃ နာရီ မတီးခင်လောက်က စကြဲတာ။ ၄ နာရီလောက်မှာမှ ရပ်သွားတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး အမျိုးသား ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ထပ်မံ တိုးလာနိုင်တယ်လို့ မြေပြင်တွင် ကူညီပေးနေသူတွေက ဆိုပါတယ်။
ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်။ နှလုံးအားနည်းသူများ ကြည့်ရှုရန် မသင့်တော်ပါ။