မောင်တောကို လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးငယ်နှစ်ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၆)

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ မောင်တောမြို့ပေါ် အမှတ် (၄) ရပ်ကွက်အတွင်းကို ဇွန်လ ၂၄ ရက် ယနေ့ ၁၁ နာရီခွဲ ဝန်းကျင်ခန့်က လက်နက်ကြီးကျည်နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

အဲဒီ ပေါက်ကွဲမှုအတွင်း အမျိုးသမီးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ ဒဏ်ရာရရှိသွားသူတွေကတော့ မောင်တောမြို့‌ပေါ်မှာရှိတဲ့ လူငယ်သင်တန်းကျောင်းမှာ တက်ရောက်နေကြတဲ့ ကျောင်းသူတွေ ဖြစ်ပါတယ်။

အဲဒီ လူငယ်သင်တန်းကျောင်းအနီးကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ရာမှ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တာ ဖြစ်တယ်လို့ ကိုယ်တိုင် သွားရောက်ကြည့်ရှု့ခဲ့သူတစ်ဦးက အာရက္ခတိုင်းမ််စကို ပြောပါတယ်။

“ လက်နက်ကြီးကျည်က အဲဒီ လူငယ်သင်တန်းကျောင်းအနီးမှာ ကျ‌ကွဲတာ။ အဲဒီက အစတွေက လာမှန်ပြီး ဒဏ်ရာရသွားတယ်။ ကျကွဲတဲ့ နေရာက အစတွေ မြို့တွင်းထဲအထိကို လာစင်တာရှိတယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရရှိသွားတဲ့ ကျောင်းသူနှစ်ဦးရဲ့ အခြေအနေနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ထိုအမျိုးသားက ဆိုပါတယ်။

အဆိုပါ လက်နက်ကြီးကျည်မှာ စစ်ကော်မရှင်တပ်ရဲ့ နေဗီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်လား၊ လေယာဉ်ပေါ်က ကြဲချခဲ့တဲ့ ဗုံးလားဆိုတာကို တိတိကျကျ မသိရဘူးလို့ နောက်ထပ် မြို့ခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ မနက်ပိုင်းကတော့ မိုးမရွာဘူး။ အဲဒီအချိန် လေယာဉ်ဝဲနေတဲ့အသံ ကြားလိုက်ရတယ်။ ပေါက်ကွဲသံ ကြားလိုက်ရတဲ့အချိန်မှာ မိုးက အရမ်းရွာနေတော့ လေယာဉ်ကချတာလား လက်နက်ကြီး လှန်းပစ်တာလားဆိုတာ တိတိကျကျ ပြောဖို့ ခက်ပါတယ်” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကစတင်ပြီး ရက္ခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့နယ်အတွင်းမှာ ရွေးတုအစိုးရတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်များ ကင်းထောက် ဝဲပျံနေခဲ့တာတွေ ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အမှတ် (၄) ရပ်ကွက် ဆက်သွယ်ရေးတာဝါတိုင်အနီး လက်နက်ကြီးကျည်နှစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အဲဒီရပ်ကွက်အတွင်းရှိ ဟိန္ဒူနေအိမ်အချို့မှာလည်း လက်နက်ကြီးကျည်စ ထိမှန်မှုများ ရှိခဲ့တယ်လို့ ကာယကံရှင် မိသားစုများက ပြောကြပါတယ်။

“ ငါးမျှားနေကြတဲ့ လူငယ်သုံးယောက်က သူတို့အနီးကို လက်နက်ကြီး လာကျတာကိုလည်း မြင်လိုက်တယ်။ ကျကွဲပြီး အပေါ်ကို ပြန်တက်လာတာနဲ့ သူတို့ကရေထဲ ငုတ်လိုက်ကြတယ်။ သူတို့တော့ ဘာမှမဖြစ်ဘူး” လို့ ဟိန္ဒူအမျိုးသားတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မောင်တောမြို့တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ရှိနေတာကြောင့် မြို့ခံတွေကြား စိုးရိမ်မှု မြင့်တက်နေကြပြီး ဈေးဆိုင်ခန်းတွေနဲ့ NGO ရုံးတချို့မှာလည်း ပိတ်သိမ်းခဲ့ကြပါတယ်။

Related posts

ဂွမြို့နယ်ကို ညသန်းခေါင် ရွေးတုအစိုးရတပ် ဗုံး ၂ ကြိမ်ကြဲ၊ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

အပင်စိုက်ပြီး အပင်ဖြစ်လာအောင် နောက်ဆက်တွဲ ဂရုစိုက်ဖို့ “ စိမ်းလန်းစီ” တိုက်တွန်း

မြောက်ပိုင်းအဖွဲ့ကို နေပြည်တော်ဖိတ်ခေါ်မယ့်ကိစ္စ ဘယ်လိုအခင်းအကျင်းဖြစ်နိုင်လဲ