ရက္ခိုင်မှာ မိုးအများဆုံးရွာနိုင်တယ်လို့ ဦးဝင်းနိုင်ပြော

အာရက္ခတိုင်းမ်စ် (၂၆ ဇွန် ၂၀၂၆)

ရက္ခိုင်တစ်ပြည်လုံးတွင် မိုးအများဆုံးရွာနိုင်ပြီး ရက္ခိုင်ပြည် မြောက်ပိုင်းက မိုးပိုများနိုင်ပြီး ရက္ခိုင်ကမ်းရိုးတန်းမှာလည်း လေပြင်းတိုက် လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် မြောက်ပိုင်း ဖြစ်တဲ့ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောစတဲ့ ဒေသတွေမှာ မိုးရေချိန် မီလီမီတာ ၅၀၀ ကနေ မီလီမီတာ ၆၀၀ အထိ မိုးရွာသွန်းနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

“ လော‌လောဆယ်မှာက လေပွေလှိုင်း ဖြစ်နေတယ်။ အိန္ဒိယ အရှေ့မြောက်ပိုင်းနဲ့ ဘင်္ဂလား‌ဒေ့ရှ် နိုင်ငံဘက်ကို ဝင်ဖို့အတွက် တဖြည်းဖြည်းနဲ့ ရွေ့နေတုန်းပဲ။ ရွေ့နေတုန်းဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း၊ ရက္ခိုင်ကမ်းရိုးတန်း၊ ဧရာဝတီကမ်းရိုးတန်းနဲ့ မြောက်ပိုင်းဒေသတွေမှာ ရက်ဆက် မိုးရွာနိုင်တယ်။ ရွာနိုင်တဲ့ အခြေအနေက မီလီမီတာ ၅၀၀ အထက် အထိကို ဆက်ပြီး ရွာနိုင်တဲ့ အခြေနေ ရှိတယ်။ ရက္ခိုင်ကတော့ မိုးအများဆုံး ရွာနိုင်တယ်။ရက္ခိုင်ပြည်နယ် တစ်ခုလုံး‌ပေါ့ ကျနော်တို့ ပြောရမယ်။ မြောက်ပိုင်းကတော့ မိုးပိုများမှာပေါ့။ ဒီ လေပွေလှိုင်းရဲ့ အရှိန် သက်ရောက်မှု ပိုပြီး နီးတယ်။ ၁၆၈ နာရီအတွင်းက ၂၄ ရက်နေ့၊ နေ့လည် ၁၂ နာရီက ထပ်ပြီး ရတဲ့ အခြေနေမှာလည်း မိုးရေချိန် အနည်းအများ သုံးသပ်ချက်က နောက်ထပ် ၁၆၈ နာရီအထိ၊ ၇ ရက်အထိမှာ ခုနပြောတဲ့ ရက္ခိုင်ပြည်နယ် မြောက်ပိုင်းက စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်တကြောနေရာနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတွေမှာ တိမ်တိုက် တအား ထူနေတယ်။ ထူနေပြီးတော့ ခုနပြောတဲ့ မီလီမီတာ ၅၀၀၊ တချို့နေရာတွေမှာ မီလီမီတာ ၆၀၀ ကျော်အထိတောင်မှ မိုးများနိုင်တဲ့ အနေအထား တွေ့ပါတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် လေပြင်းတိုက်ခတ်မှုအနေနဲ့ တစ်နာရီကို မိုင် ၃၀ ကနေ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး ရက္ခိုင်ကမ်းရိုးတန်းမှာတော့ ၈ ပေကနေ ၁၀ ပေလောက်အထိ လှိုင်းကြီးနိုင်တယ်လို့လည်း ဦးဝင်းနိုင်က အသိပေးထားပါတယ်။

အလားတူ ဦးဝင်းနိုင်က ရက္ခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသ (ရန်ကုန်၊ ဧရာဝတီ)၊ ပဲခူးတိုင်းနဲ့ တနင်္သာရီကမ်းရိုးတန်း တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ ရုတ်တရက်ရေကြီးခြင်း (Flash Floods) များ ကြုံတွေ့ရနိုင်ခြေ ရှိပါတယ်လို့လည်း ဆိုပါတယ်။

Related posts

AA က ရေကြည်က ရွေးတုအစိုးရတပ် ကာကင်းများ သိမ်းပိုက်အပြီး အသုတ်တွင် ခံစစ်ပြင်ဆင်နေ

မောင်တောမြို့‌ပေါ်ကို ရွေးတုအစိုးရ အသေခံဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဒေသခံတွေပြော

ဂွမြို့နယ်က စစ်ရှောင်တစ်ဦး လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး