အာရက္ခတိုင်းမ်စ် (၂၆ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ရွေးတုအစိုးရက အဝတောင်ကနေ ထိုးစစ်မဆင်တော့ဘဲ အထိနာခဲ့တဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ အဝတောင်ကနေ ထိုးလိုက် အကျအဆုံးနဲ့ တပ်ပြန်ဆုတ်လိုက်၊ ထပ်ထိုးလိုက် တပ်လန်ပြီး ပြန်ဆုတ်လိုက်နဲ့ အကြိမ်ကြိမ် လုပ်ပြီးတော့ အခုတော့ ထပ်မထိုးတော့ဘဲ တိုက်ပွဲတွေဖြစ်ခဲ့ပြီး အထိနာခဲ့တဲ့နေရာတွေကို ဂျက်ဖိုက်တာတွေနဲ့ ဗုံးလာကြဲသွားတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရတပ်ဟာ ဇွန်လ ၂၅ ရက် ညနေဖက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ ကျောက်ဖြူမြို့နယ်က အထိနာခဲ့တဲ့ နေရာတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
တောင်မော်ကြီးရေတပ်စခန်းရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ စံပယ်ရှောင်ကုန်း၊ ဒွေးချကုန်း၊ မျှော်ချောင်းကုန်းနဲ့ ရေနံသူကုန်းတို့ကို အာရက္ခတပ်တော်က ဇွန်လဆန်းကတည်းက သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်ကနေ ၃၀ ရက်အတွင်းကလည်း ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် စနဲမြို့ကို ရွေးတုအစိုးရရဲ့ စစ်တပ်က စစ်ကြောင်းထိုးလာလို့ အာရက္ခတပ်တော်က တိုက်ခိုက်ရာ စစ်သားအလောင်း ၄၀ ကျော် နဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ပါတယ်။
ကျောက်ဖြူမြို့နယ် စနဲမြို့ကို ရွေးတုအစိုးရရဲ့ တပ်တွေဖြစ်တဲ့ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉ တပ်ရင်းများက ထုတ်နှုတ်အင်အားတွေနဲ့ ထိုးစစ်ဆင်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ ရွေးတုအစိုးရရဲ့ တပ်တွေကို အာရက္ခတပ်တော်က ခုခံစစ်၊ တန်ပြန်ထိုးစစ် စတဲ့ နည်းဗျူဟာတွေနဲ့ တိုက်ခိုက် ခြေမှုန်းနေတယ်လို့လည်း သိရပါတယ်။
Photo – DMG