ကြက်တောပြင်ကနေ ကျောက်ဖြူကို မသွားဖို့ AA ပိတ်ထား

အာရက္ခတိုင်းမ်စ် (၂၇ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကြက်တောပြင်ကနေ ကျောက်ဖြူမြို့ထဲကို ဘယ်သူမှ မသွားရအောင် အာရက္ခတပ်တော် AA က ပိတ်ထားတယ်လို့ ကျောက်ဖြူဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် လက်ရှိ မဒေးကျွန်းမှာ ပိတ်မိနေတဲ့ လူ ၄၀၀ ကျော်မှာလည်း ၂၀၀ ကျော်လောက် ကျန်‌သေးတယ်လို့ သူက ပြောပါတယ်။

ကျောက်ဖြူဒေသခံတစ်ဦးက “၂၀၀ ကျော်ကျော်လောက် ရှိဦးမယ်နဲ့ တူတယ်။ သူတို့က ကျောင်းသားရယ်၊ သက်ကြီးရွယ်အိုရယ်ကိုပဲ ဦးစားပေးပြီးတော့ ဒီဘက်ကို လွှတ်တယ်။ ကျောက်ဖြူဘက်ကို။ အမျိုးသားလေးတွေ အသက် ၂၀ ကျော်၊ ၃၀ ကျော်တွေကြတော့ ပေးမလွှတ်ဘူးလေ။ AA ဘက်က ပေးမလွှတ်တဲ့အခါကြတော့။ မဒေးကျွန်းကကြတော့ စစ်တပ်က ချုပ်ကိုင်ထားတဲ့ နေရာတော့ မဟုတ်ဘူး။ ၂ ဦး ၂ ဘက် ညပ်နေတဲ့ နေရာဖြစ်နေတဲ့အခါကြတော့ နည်းနည်း သွားရေး၊ လာရေးကတော့ အခက်အခဲ ရှိတယ်။ ကြက်တောပြင်ကကြတော့ လုံးဝကို မသွားရတော့ဘူး။ သူက အကုန်လုံး ပိတ်လိုက်တယ်။ ကျောက်ဖြူဘက်ဆို လုံးဝ မသွားရတော့ဘူး။ ကြက်တောပြင်နဲ့ ကျောက်ဖြူနဲ့က ၄၅ မိနစ်လောက်ပဲ ရှိတယ်။ AA ဘက်က လုံးဝကို ကျောက်ဖြူဘက်ကို လုံးဝ မသွားရဘူး။ ကလေးသူငယ်ကအစ လုံးဝ မလာရဘူး အဲဒီလို ပိတ်လိုက်တာ” လို့ သူက ပြောပါတယ်။

ပိတ်မိနေသူတွေထဲမှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ အမ်း၊ တောင်ကုတ်၊ သံတွဲနဲ့ တခြားမြို့နယ်တို့က ဒေသခံတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့က အချို့ဒေသခံတွေကတော့ မဒေးကျွန်းက တရုတ်စီမံကိန်းတွေမှာ အလုပ်လုပ်ဖို့ သွားရောက်တာတွေ ရှိတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ မေလလယ်ပိုင်းကစပြီး စနဲမြို့နဲ့ တောင်မော်ကြီး ရေတပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး စစ်တပ်ဖက်က အကျအဆုံးများတယ်လို့လည်း သိရပါတယ်။

မဒေးကျွန်းဟာ ကျောက်ဖြူမြို့နယ်၊ ဘင်္ဂလားပင်လယ်အော်အနီး သံဇစ်မြစ်မှာ တည်ရှိပြီး တရုတ်-မြန်မာ မဟာဗျူဟာမြောက် စွမ်းအင်စီမံကိန်းကြီးတွေ အခြေစိုက်ရာ အလွန်အရေးပါတဲ့ ကျွန်းတစ်ကျွန်း ဖြစ်ပါတယ်။

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က တည်ဆောက်ထားတဲ့ တန်ချိန် ၃၀၀,၀၀၀ ဆန့် ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းနဲ့ ရေနံသိုလှောင်ရုံကြီးတွေရှိနေပြီး အဲဒီကျွန်းကတစ်ဆင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းနဲ့ မြန်မာနိုင်ငံကို ဖြတ်ကာ တရုတ်နိုင်ငံ၊ ကူမင်းမြို့အထိ ပို့လွှတ်နေတာပါ။

Related posts

ဂွမြို့နယ်က ကျိန္တလီနဲ့ ရေကျော်ရွာကို ရွေးတုအစိုးရ ဗုံးကြဲ၊ ပြည်သူ ၆ ဦး ဒဏ်ရာရ

ကျောက်ဖြူတွင် ရွေးတုအစိုးရ ထိုးစစ်မဆင်ဘဲ အထိနာခဲ့တဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေ

AA အပါ ညီနောင်မဟာမိတ်အဖွဲ့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီး