အာရက္ခတိုင်းမ်စ် (၂၇ ဇွန် ၂၀၂၆)
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ဘေးတွဲမောင်းတဲ့ အမျိုးသားတစ်ဦး ရေနစ် သေဆုံးခဲ့တယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက ဆိုပါတယ်။
ယင်း ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက် မိုးလေပြင်းထန်ချိန်မှာ မိုးခိုဖို့ နေရာရှာရင်း မြောင်းအတွင်း ပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
“ သူက ၂၅ ရက်နေ့က အိမ်ကနေ ထွက်သွားပြီး သူက ဘေးတွဲမောင်းတယ်။ ဘေးတွဲမောင်းတယ်ဆိုတော့ သူတို့ မိသားစုတွေ ထင်တာကတော့ သူတို့ ဆွေမျိုးတွေရှိတဲ့ နေရာကို အလည်သွားတယ်လို့ပဲ ထင်တယ်ပေါ့။ ကျနော်တို့ သုံးသပ်တာကတော့ ၂၅ ရက်နေ့၊ ညနေဘက် မိုးတအားကြီးတယ်။ ဘုရားကြီးရပ်ရွာနားမှာက ဇရပ်လေးတစ်ခု ရှိတယ်။ ဒီဇရပ်ကို ရှာတာနဲ့ တူတယ်။ ဒါပေမယ့် ဇရပ်ကို မရောက်ပဲ သူက မြောင်းထဲကို ရောက်သွားပြီးတော့ ပြန်မတက်နိုင်တော့တာ ဖြစ်နိုင်တယ်ဗျ” လို့ အဆိုပါ ဖောင်ဒေးရှင်းရဲ့ ဥက္ကဌ ကိုမျိုးချစ်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သေဆုံးသူဟာ ပုဏ္ဏားကျွန်းမြို့နယ်၊ ရွာဟောင်းပိုင်းရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် ဦးခင်မောင်ဝင်းဖြစ်ပြီး သားတစ်ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။
သူ့ရဲ့ ရုပ်အလောင်းကို မနေ့က ဇွန်လ ၂၆ ရက်၊ ညနေ ၅ နာရီ ၄၀ မိနစ်မှာ တွေ့ရှိခဲ့ပြီး ကူညီမှု လုပ်ဆောင်ပေးခဲ့တယ်လို့ ရခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းက ဆိုပါတယ်။