ရေကြည်မှာ စစ်ရေးရှုံးနိမ့်နေလို့ ကွင်းကောက်ကို ရွေးတုအစိုးရ စစ်ကား ၁၀ စီး အင်အားဖြည့်တင်း

အာရက္ခတိုင်းမ်စ် (၆ ဇူလိုင် ၂၀၂၆)

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေလို့ ရွေးတုအစိုးရဟာ ကွင်းကောက်မြို့က တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကို စစ်ကား ၁၀ စီးခန့် အင်အားဖြည့်တင်းနေတယ်လို့ သိရပါတယ်။

“ နောက်ဆုံး အခြေအနေကတော့ ဟင်္သာတဘက်ကနေ အင်အားစိစစ်ဆဲ စစ်ယာဉ်တန်း ၁၀ စီးဟာ ကွင်းကောက်ဘက်သို့ ထွက်ခွာလာပြီး ပုသိမ်တပ်နယ်အတွင်းက အင်-အား ၃၀၀ ဝန်းကျင် စစ်ယာဉ်တန်း ၉ စီးကတော့ ပုသိမ်မုံရွာလမ်းအတိုင်း ကန်ကြီးဒေါင့်ကတဆင့် မြောက်စမ်းဘက်သို့ ရွေ့လျားလာခဲ့တာ ရှိပါတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ၂၂၇ ပွိုင့်ကုန်း အနောက်ဘက် ၁.၁ ကီလိုမီတာခန့်အကွာတွင် တပ်စွဲထားတဲ့ ပထမ ကာကင်းကုန်းနေရာနဲ့ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃ ရက်တွင် ၂၂၇ ပွိုင့်ကုန်းကနေ ၁ ကီလိုမီတာခန့် အကွာအဝေးရှိ ဒုတိယ ကာကင်းကုန်း (တာဝါတိုင်စခန်းကုန်း) တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်အပြီးမှာ ယခုလို ရွေးတုအစိုးရက အင်အားဖြည့်တင်းနေတာလည်း ဖြစ်ပါတယ်။

အလားတူ ၂၀၂၆ ခုနှစ် ဇွန်လ ၁၇၊ ၁၉၊ ၂၁ ရက်များတွင် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ရှိ ရွေးတုအစိုးရတပ်ရဲ့ ပွိုင့် ၂၈၈၊ ပွိုင့် ၁၈၈ နဲ့ ပွိုင့် ၁၄၈ ကုန်းတို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ရယူခဲ့ပြီးနောက်တွင် တိုက်ပွဲများ နေ့စဉ် ရက်ဆက် ဖြစ်ပွားပြီး ရွေးတုအစိုးရတပ်ဟာ အဆိုပါ ပွိုင့်ကုန်းများကို ပြန်လည်ရယူနိုင်ရန်အတွက် စစ်အင်အားများကို ထပ်မံ ဖြည့်တင်းကာ ထိုးစစ်များကို မရပ်မနား ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ ကာကင်းစခန်းကုန်းသိမ်း တိုက်ပွဲများအတွင်း ရန်သူ့အလောင်းတချို့နဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းပိုက်ရရှိခဲ့ပြီး ပွိုင့် ၂၂၇ ကုန်းက ထွက်ပြေးနေတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်းက တပ်သားတွေကို လိုက်လံ ချေမှုန်းနေတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။

Related posts

ချင်းတောင်ပိုင်းတွင် AA အင်အား ၈၀၀ ခန့် တပ်ဖြန့်ထားလို့ ရွေးတုအစိုးရ ခန့်မှန်း

တိုက်ပွဲကြားက စစ်ရှောင်ကလေးနဲ့ ငွေကြေးမပြည့်စုံတဲ့ ကလေးတွေကို ဦးစားပေး ပညာသင်ပေးနေ

သံတွဲ လက်ပံစုရွာတွင်လည်း လေဆင်နှာမောင်းတိုက်လို့ အိမ် ၂၀ ကျော် ပျက်စီး