အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆)
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေဖြစ်ပေါ်နေလို့ ရက္ခိုင်ပြည်နဲ့ အိန္ဒိယနိုင်ငံ ကုန်သွယ်ရေးလမ်းမှာ ကုန်တင်ကား အစီးရေ ရာနဲ့ချီပြီး ပိတ်မိနေတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၇ ရက်ကစတင်ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ်နဲ့ လန်ဂလိုအိမြို့အနီးမှာ မြေပြိုမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကုန်စည်စီးဆင်းရာ အဓိက လမ်းကြောင်းဖြစ်တဲ့ ပလက်ဝမြို့နယ်အတွင်းက တက်ပုချေကျေးရွာမှာလည်း ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
အထက်ပါ ဖြစ်စဉ်ကြောင့် ကုန်သည် အများအပြားနဲ့ ကုန်တင်ကားအစီးရေ ၃၀၀ ဝန်းကျင်လောက် အိန္ဒိယဘက်ခြမ်းမှာ ပိတ်မိနေတာလည်း ဖြစ်ပါတယ်။
အလားတူ ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာမှာလည်း ရေကြီးမှုတွေကြောင့် ကုန်တင်စက်လှေတွေ သွားလာလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။
ရက္ခိုင်ပြည်မှာ လိုအပ်တဲ့ စားသောက်ကုန်၊ ဆေးဝါးနဲ့ လူသုံးကုန်များကို အိန္ဒိယနိုင်ငံကနေ ကုန်းလမ်း၊ ရေလမ်းတို့နဲ့ အဓိက သယ်ယူနေရတာလည်း ဖြစ်ပါတယ်။
ရက္ခိုင်ပြည်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး အိန္ဒိယကတဆင့် ကုန်ပစ္စည်းများ ဝင်ရောက်ရန် အခက်အခဲဖြစ်နေလို့ ကုန်ပစ္စည်း ပြတ်လပ်မှု ဖြစ်ပေါ်မှာကို စိုးရိမ်နေကြတယ်လို့ ရက္ခိုင်ဒေသခံတွေက ဆိုပါတယ်။