အာရက္ခတိုင်းမ်စ် (၁၃ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည်ရှိ ရက္ခိုင်ကမ်းရိုးတန်းတလျောက်တွင် သုံးရက်ဆက်တိုက် မိုးရေချိန် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
“ရက္ခိုင်ကမ်းရိုးတန်းနဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် သုံးရက်ဆက် မိုးရေချိန် မြင့်တက်လာနိုင်လို့ တောင်ကျချောင်းရေ ကျဆင်းခြင်း၊ ရုတ်တရက် ရေကြီးခြင်း (Flash Flood) နဲ့ မြေပြိုခြင်း (Landslide) ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်မယ့် ဧရိယာ ပိုမို ကျယ်ပြန့်လာနိုင်လို့ ဆက်လက်ပြီး သတိထား စောင့်ကြည့် ပြင်ဆင်သင့်ပါတယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။
ရက္ခိုင်ကမ်းရိုးတန်း (မြောက်ပိုင်းနဲ့ အလယ်ပိုင်း) တွင် လေပွေလှိုင်းရဲ့ အရှေ့ဘက်ခြမ်း မုတ်သုံလေပြင်း တိုက်ရိုက် ကျရောက်ရာ ဇုန်တွင် ရှိနေလို့ ရက္ခိုင်ပြည် (စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ) တို့တွင် မိုးကြီးခြင်း၊ နေရာကွက်ကြီး အလွန်ပိုမိုသောမိုး (Heavy to Very Heavy Rain) ရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းတလျှောက် လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့လည်း သိရပါတယ်။
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနဲ့ မုတ်သုံလေ အဝင်လမ်းကြောင်းဖြစ်တဲ့ ကပ္ပလီပင်လယ်ပြင်တို့တွင် လှိုင်းလေ အလွန်ပြင်းထန်နိုင်လို့ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များနဲ့ သင်္ဘောများ သတိပြုရန် လိုအပ်ပါတယ်လို့လည်း ဦးဝင်းနိုင်က ဆိုပါတယ်။
Arakan Coast (ရက္ခိုင်ကမ်းရိုးတန်း) နဲ့ မြောက်ပိုင်း ဘင်္ဂလားပင်လယ်အော်တွင် ပျံ့နှံ့ဖြစ်ပေါ်နေတဲ့တိမ်နဲ့ ပြတ်တောက်တိမ်ထုများ (Scattered to Broken clouds) ဖုံးလွှမ်းနေပြီး၊ Cloud Top Temperature (CTT) အနှုတ် ၇၀°C ထက် နည်းတဲ့ Intense to Very Intense Convection (အလွန်အားကောင်းသော မိုးတိမ်တောင်များ) တည်ရှိနေလို့ ရက္ခိုင်ကမ်းရိုးတန်း မြောက်ပိုင်းတွင် မိုးကြီးခြင်းနဲ့ လေပြင်းကျခြင်းများကို ဆက်လက် ဖြစ်စေနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လေပွေလှိုင်းကြောင့် တွန်းပို့ပေးသော အစိုဓာတ်နဲ့ မိုးတိမ်တောင်များ ဖြစ်ထွန်းလာနိုင်တဲ့ အရှိန်ကြောင့် ရက္ခိုင်ကမ်းရိုးတန်း၊ မုတ္တမကွေ့နဲ့ တနင်္သာရီကမ်းရိုးတန်း တလျှောက်တွင် မိုးသက်လေပြင်းကျခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများနဲ့ လှိုင်းကြီးခြင်း စတဲ့ မုတ်သုံမိုး ပြင်းထန်လာနိုင်မယ့် အခြေအနေများကို ဆက်လက် သတိပြုဖို့လည်း တိုက်တွန်းထားပါတယ်။
Photo – ABN