အာရက္ခတိုင်းမ်စ် (၁၆ ဇူလိုင် ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်တွင် တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို အပ်နှံခဲ့တဲ့ မြေးအဖိုးကို ဒီကနေ့မှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဂုဏ်ပြုလွှာနဲ့ ဆုကြေးငွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့တောလှန်ရေးအစိုးရကို အပ်နှံခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကတော့ ကိုလိုနီခေတ် ငွေဒင်္ဂါးပြားများဖြစ်ပြီး အဆိုပါ ငွေဒင်္ဂါးများတွင် အမျိုးအစား (၃၂) မျိုးပါဝင်ပြီး သက္ကရာဇ် ၁၈၃၅ ခုနှစ်ကနေ ၁၉၁၃ ခုနှစ် အထိ ငွေဒင်္ဂါးများဖြစ်ပြီး ဗြိတိသျှအိန္ဒိယခေတ်က ထုတ်ဝေခဲ့ WILLIAM lll, King၊ ဝိတိုရိယဘုရင်မကြီး (Queen Victoria) နဲ့ Victoria Empress တို့ခေတ်က သမိုင်းဝင် ငွေဒင်္ဂါးများ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ငွေဒင်္ဂါးတွေကို ပြီးခဲ့တဲ့ မေလ ၂၆ ရက်က အိမ်တိုင်တူးရာ တစ်တောင်လောက်အနက်တွင် ပန်းကန်လုံးအောက်ပိုင်းဖြင့် ဖုံးထားတဲ့ မြေအိုးတစ်လုံးထဲက တွေ့ရှိခဲ့တာလို့ သိရပါတယ်။
ငွေဒင်္ဂါးများကို တွေ့ရှိခဲ့တဲ့ မြေးအဖိုးဖြစ်တဲ့ အသက် ၅၈ နှစ်အရွယ် ဦးထွန်းခိုင်နဲ့ မြေးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်ဆန်းလင်းရဲထိုက်ကု အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခအမျိုးသားအမွေအနှစ်ကော်မရှင်က တစ်ဦးလျင် ငွေကျပ် ၈၇၆၀၀၀၀ ကျပ်နဲ့ ဂုဏ်ပြုလွှာတို့ကို ပေးအပ် ချီးမြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။
အလားတူ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်က မြောက်ဦးမြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းတွင် ဘောလုံးကစားကြရင်း ရှေးဟောင်းရတနာပစ္စည်များနဲ့ ငွေဒင်္ဂါးပြား ၁၃၂ ပြားကို တွေ့ရှိခဲ့တဲ့ လူငယ် ၄ ဦးကိုလည်း ဖေဖော်ဝါရီလ ၈ ရက်က တစ်ယောက်ချင်းဆီကို ဂုဏ်ပြုဆု ငွေသား ၇,၅၀၀၀၀၀ (ခုနှစ်ဆယ့်ငါး) သိန်းကျပ် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခအမျိုးသားအမွေအနှစ်ကော်မရှင်က ချီးမြှင့်ခဲ့ပါတယ်။
Photo – ONN