အာရက္ခတိုင်းမ်စ် (၇ ဩဂုတ် ၂၀၂၆ ခုနှစ်)
ရက္ခိုင်ပြည် စစ်တွေမြို့နယ်မှာ ရွေးတုအစိုးရက ဒေသခံမြို့နေလူထုတွေထက် သူတို့ရဲ့ အစိုးရဝန်ထမ်းတွေကိုပဲ အခြေခံစားသောက်ကုန်အချို့ကို ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတယ်လို့ စစ်တွေဒေသခံတစ်ဦး အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အခုက ကျမတို့ စစ်တွေမြို့မှာရှိတဲ့ လူတွေအထဲမှာမှ ဝန်ထမ်းတွေကို သပ်သပ် အစိုးရကနေပြီးတော့ ကြက်ဥ ၉ ဥနဲ့ ကြက်သွန်နီ ၂၅ကျပ်သား အဲဒါကို အစိုးရဘက်က တစ်သောင်းတစ်ထောင်လား၊ တစ်သောင်းလားမသိပါ အဲဒီနှုန်းနဲ့ ရောင်းချပေးပါတယ်။ ယေကေ ဝန်ထမ်းတွေပဲ စားလီ။ ကျမတို့ မြို့နေလူတွေ အခက်အခဲတွေနဲ့ စားရ သောက်ရ ကောင်းကောင်း အခက်အခဲတွေနဲ့ ကြုံနေပါတယ်။ ဝန်ထမ်းတွေမှာတော့ အစိုးရကချပေးလို့ ပိုက်ဆံတော့ ပေးရပါတယ်။ ဒါပေမယ့်လည်း ရပါတယ်လေ ကြက်ဥ ၉ ဥနဲ့ ကြက်သွန်နီ ၂၅ ကျပ်သားဆိုရင် တစ်သောင်းကျော်နဲ့ စားရတယ်လေ” လို့ သူက ပြောပါတယ်။
လက်ရှိ စစ်တွေမြို့ဟာ စစ်ရေးအရ အလွန်တင်းမာလျက်ရှိပြီး အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတို့အကြား စစ်ရေးအရ ဝိုင်းဝန်းပိတ်ဆို့ခံထားရတာပါ။
ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်ကာ ဒေသခံတွေမှာ စားဝတ်နေရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အလွန်စိုးရိမ်ပူပန်နေကြရတာ ဖြစ်ပါတယ်။
စစ်တွေမြို့မှာ သင်္ဘောမရောက်ရှိတဲ့အတွက် ကုန်ဈေးနှုန်းတွေဟာ မြင့်တက်နေပြီး ကြက်ဥ တစ်လုံးကို ငွေကျပ် နှစ်ထောင်အထိ ပေးဝယ်နေရပြီး အခြေခံစားသောက်ကုန် အားလုံးနီးပါး ဈေးနှုန်း မြင့်တက်နေတာ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတစ်ဦးက “ကျမတို့က အပြင်မှာနေတဲ့ စစ်တွေမြို့က လူတွေပါ။ ကျမတို့အိမ်မှာ ဝန်ထမ်းမရှိပါ။ ကျမတို့ လက်လုပ်လက်စားတွေပါ။ အခုက စစ်တွေမြို့ထဲမှာက သင်္ဘောမလာဘူးဆိုပြီး အးလုံး ဈေးတက်ပါတယ်။ rich အဝါရောင် အငယ်လေးတစ်ထုပ်ကို ၁၀ ထုပ်ကို လေးထောင်၊ အခု ၁၀ ထုပ်ကို ခြောက်ထောင်ပါ။ ဒီထက်ဈေးကြီးတဲ့ အထုပ်တွေဆိုလည်း သူ့ဟာနဲ့သူ ဈေးတက်ပါတယ်။ ကျမတို့မှာက ကြက်သွန်နီ ၁၀ သားမှာ ၅ လုံး အလွန်ဆုံးပါရင် ၆ လုံးပါ။ အဲဒါကို ငါးထောင်။ ၂၅ ကျပ်သား ယူမယ်ဆိုရင် ဈေးတစ်မျိုး၊ ၁၀ သားယူမယ်ဆို ဈေးတစ်မျိုးပါ။ အဲဒီလို ဝယ်စားရပါတယ်။ သင်္ဘောလည်း အခုထက်ထိတော့ မရောက်ပါသေး။ ဘယ်အချိန်အခါ သင်္ဘောဝင်လာမလဲတော့ မပြောတတ်ပါ။ သင်္ဘောဝင်လာရင်လည်း ဈေးနှုန်းဆိုတာ ဒီလောက်မတက်ရင်တောင် မကျလောက်တော့ဘူး။ ဒီလောက်အထိ ဈေးကျဖို့ အခြေအနေမှာ မရှိပါ။ တစ်ခါလည်း ဈေးက မကျခဲ့ပါဘူး။ အရင်အခါဆိုရင်တော့ ကျခဲ့တယ်။ အခုက ကုန်တွေက ရန်ကုန်မှာကို ဈေးများတယ်လို့ ကုန်သည်တွေဘက်က ပြောနေပါတယ်” လို့ ပြောပါတယ်။
ရက္ခိုင်ပြည် စစ်တွေမြို့မှာ အခြေခံ စားသောက်ကုန် ဈေးနှုန်းထားတွေ မြင့်တက်နေတာကြောင့် ရွေးတုအစိုးရက ဝက်နဲ့ နွားတွေမွေးနိုင်ရေး၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်ရေး နေရာတွေလုပ်ပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။