မြေပြိုကျခဲ့တဲ့ ကျောင်းသူအိပ်ဆောင် ပြန်လည်ဆောက်လုပ်ရန် အလှူငွေ လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၁၅ ဩဂုတ်လ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်မှာရှိတဲ့ အခမဲ့စာသင်ကျောင်းရှိ ကျောင်းသူအိပ်ဆောင် ပြန်လည်ဆောက်လုပ်ရန် အလှူငွေ လိုအပ်နေတယ်လို့ ရက္ခိုင်အားမာန် လူမှုဖွံ့ဖြိုးရေးအဖွဲ့က ဆိုပါတယ်။

အဆိုပါ ကျောင်းသူအိပ်ဆောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပြိုကျခဲ့တာ ဖြစ်ပါတယ်။

ပြိုကျသွားတဲ့ အိပ်ဆောင်မှာနေတဲ့ Grade-11 နဲ့ Grade-12 ကျောင်းသူတွေကို ကျောင်းသားအဆောင်မှာ ယာယီ ပြောင်းရွှေ့ထားတယ်လို့ အဆိုပါ အဖွဲရဲ့ဒါရိုက်တာ ဦးခင်မောင်ဆန်းက ဆိုပါတယ်။

“ကျောင်းသူတွေကို ကျောင်းသားတွေနေတဲ့ အဆောင်မှာ ခွဲပြီးတော့ ယာယီ ထားထားပါတယ်။ လတ်တလော လိုအပ်ချက်က ကျောင်းသူအမျိုးသမီးတွေ လက်ရှိနေရတာ မလုံခြုံတဲ့ ကိစ္စပါ။ ကျောင်းသားတွေနဲ့ တစ်ဆောင်တည်း အတူနေရတော့ စိတ်မလုံခြုံမူတွေ။ စာဖတ်တာ၊ အဝတ်အစားလဲတာကအစ သူတို့ အဆင်မပြေကြပါ။ အဲ့ဒါကြောင့် ချက်ချင်းကြီး ပြန်ဆောက်ဖို့ ကြိုးစားနေကြတာပါ။ အဆောက်အဦး ခန့်မှန်း ကုန်ကျမှုက သိန်း ၁၀၀၀ ရှိမယ် ပြောပါတယ်။ ဒီမိုးတွင်းမှာ ချက်ချင်းဆောက်မှ ဖြစ်မှာမို့လို့ အလှူရှင်တွေဆီကို စေတနာ နှိုးဆော်နေပါတယ်။ အခုတော့ စေတနာရှင်တွေဆီကလည်း လှူဒါန်း ထောက်ပံ့နေတာတွေတော့ ရှိနေပါတယ်” လို ဦးခင်မောင်ဆန်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်အားမာန် လူမှုဖွံ့ဖြိုးရေးအဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၈ ခုနှစ် ကတည်းကစပြီး နွမ်းပါးတဲ့ ကျောင်းသား၊ ကျောင်းသူတွေကိုလျှောက်လွှာခေါ်ယူပြီး နှစ်စဉ် အခမဲ့ ပညာသင်ကြားပေးလျက် ရှိပါတယ်။

အခမဲ့ ပညာသင်ကြားပေးခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေအနက် ၂ဝ၁၉-၂ဝ၂၀ ပညာသင်နှစ်မှာ သုံးဘာသာဂုဏ်ထူးရှင် ၁ ဦး နဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ ခြောက်ဘာသာဂုဏ်ထူးရှင် ၂ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁ ဦး နဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၁ ဦးတို့ ထွက်ပေါ်ခဲ့ပါတယ်။

Related posts

စစ်တွေမှာ မီတာခ တစ်ယူနစ်ကို တစ်ထောင်ကျပ်ဖြစ်မယ်လို့ သတင်းထွက်

သတင်းထောက် မနီနီဝင်းကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများအပေါ် IMJA ရှုတ်ချ

စစ်အုပ်စုက ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ရင် အထိမခံဖြစ်နေပုံရ