အာရက္ခတိုင်းမ်စ် (၁၆ သြဂုတ် ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲခရိုင် သံတွဲမြို့သစ် (ခ) ဒွါရာဝတီကွက်သစ်ကို ဒီကနေ့ မနက် ၆ နာရီခန့်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့လို့ သားအဖ ၂ ဦး သေဆုံးခဲ့ပြီး ၂ နှစ်သားအရွယ် ကလေးငယ်အပါအဝင် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သံတွဲအဝင်က ကျော်ဇံဆီဆိုင်နားနဲ့ ကွက်သစ် “က” ဖက်ခြမ်းက ဖိုးဇီဝဆေးဆိုင်နားကို ကျတာပါ။ သားအဖ ၂ ဦးကတော့ ပွဲချင်းပြီး သေသွားတယ်။ ၃ ဦး ဒဏ်ရာ ရသွားတယ်” လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရတပ်က သံတွဲမြို့အဝင်ကို ဗုံးကြဲခဲ့လို့ သေဆုံးသွားခဲ့သူတွေကတော့ အသက် ၁၄ နှစ်အရွယ် မရွှန်းလဲ့ရွှေရည်နဲ့ ဖခင်ဖြစ်သူ အသက် ၅၀ အရွယ် ဦးမင်းနောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ထိခိုက် ဒဏ်ရာ ရရှိခဲ့သူတွေကတော့ အသက် ၂ နှစ်အရွယ် မရွှေမိုးရည်သော်၊ အသက် ၄၀အရွယ် မဌေးဌေးမော် နဲ့ အသက် ၄၅ နှစ်အရွယ် ဦးဇေယျာမင်းလွင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ထိခိုက် ဒဏ်ရာ ရရှိသူတွေကို ဆေးဝါးကုသမှုတွေ ပေးနေပြီး အသေးစိတ် အချက်အလက်ကို ဆက်လက် တင်ဆက်ပေးပါမယ်။