ရာသီဥတုနှင့် စစ်ပွဲ၏အောက်က သဇင်ပန်းများ၏ ဒုက္ခသံသရာ

သတင်းဆောင်းပါး – အီသွယ်

“ရာသီလာတဲ့အခါ လစဉ်သုံး ပစ္စည်းမပြောနဲ့၊ သန့်ရှင်းတဲ့ ရေတောင် ဝဝလင်လင် မသုံးရဘူး”

ဒီစကားကတော့ ရက္ခိုင်ပြည် ဒုက္ခသည်စခန်းက အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး၏ ပြောဆိုချက်ဖြစ်သည်။

မိုးကောင်းကင်တစ်ခုလုံး အမှောင်အတိဖုံးသွားသည့် မိုးရွာသွန်းသော ညများဆိုလျှင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းငယ်လေးအတွင်းမှ တာပေါ်လင်စ၊ အမိုးအကာများသည် လေတိုးသံနှင့်အတူ တရစပ် လှုပ်ခတ်နေသည်မှာ ပုံမှန်အနေအထားသာဖြစ်သည်။

မိုးစက်များက ပေါက်ပြဲနေသော တာပေါ်လင် အပေါက်များမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ တစက်စက် ကျဆင်းလာသည့်အခါ အခန်းအတွင်းရှိ ဒုက္ခသည် မိသားစုအတွက် ထိုညသည် ကောင်းမွန်စွာ မအိပ်စက်နိုင်တော့ပေ။ဒီဒုက္ခသည် ယဉ်ပါးသလိုတောင်ရှိခဲ့ပြီ။

မိုးမလုံသည့် တဲကလေးအောက်တွင် ကွေးကွေးလေး အိပ်စက်နေသည့် ကလေးငယ်ကို ပွေ့ဖက်ထားရင်း စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသူ အသက် ၂၀ အရွယ် မသန်ရီတစ်ယောက် မိုးလင်းသည်အထိ အိပ်မပျော်ဘဲ ငိုင်တိုင်တိုင် ထိုင်နေခဲ့ရသည့် ညပေါင်းမှာ မရေတွက်နိုင်တော့ပါ။

ယနေ့ခေတ် ကမ္ဘာကြီးတွင် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု (Climate Change) ၏ ရိုက်ခတ်မှုများသည် လူတိုင်းအပေါ် ကျရောက်နိုင်သည်တော့ မဟုတ်ပါ။ သို့သော်လည်း သဘာဝဘေးအန္တရာယ်နှင့် စစ်ပွဲများ ပေါင်းစပ်ရိုက်ခတ်နေသည့် ဒေသများတွင်မူ ရာသီဥတု၏ ကြမ်းတမ်းမှုဒဏ်ကို အလူးအလဲ ခံကြရသူများမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များပင် ဖြစ်ကြသည်။

စစ်ဘေးရှောင်စခန်းများတွင် သဘာဝ၏ အပူချိန် လွန်ကဲစွာ မြင့်မားလာခြင်း၊ မိုးခေါင်ရေရှားမှုများနှင့်အတူ ရုတ်တရက် မိုးကြီးရေလျှံမှုများကြောင့် သောက်သုံးရေကန်များ ပျက်စီးပြုန်းတီးကုန်ကြသည်။ သောက်သုံးရေကအစ ချွေတာသုံးစွဲနေရသည့် အခြေအနေတွင် သောက်ရေ၊ သုံးရေ ရရှိရေးအတွက် ဝေးလံလှသော ရေရှိရာနေရာများသို့ သွားရောက်ခပ်ယူရသည့် ဒုက္ခက အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ပခုံးထက်သို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။

“စခန်းမှာ ရေက အရမ်းရှားတယ်။ သောက်ဖို့ ရေတစ်ပေါက်ရဖို့အတွက်တောင် အဝေးကြီးကို လမ်းလျှောက်ပြီး သွားခပ်ရတာ။ ရေပုံးကြီးတွေကို မနိုင်မနင်း မထမ်းနိုင် ထမ်းရတော့ ခါးတွေ၊ ပခုံးတွေ သေမတတ် နာတာပေါ့။ ဒါပေမဲ့ မခပ်လို့လည်း မရဘူးလေ၊ အိမ်မှာ ကလေးတွေနဲ့ လူကြီးတွေ သောက်ဖို့ ပန်းကန်ဆေးဖို့ ရေမှ မရှိရင် မဖြစ်ဘူးမဟုတ်လား” ဟု မသန်ရီက သူမ၏ အတွေ့အကြုံကို ပြောပြသည်။

တကယ်တော့ အမျိုးသမီးများအတွက် ရေရှားပါးမှုသည် ရေခပ်ရသည့် ပင်ပန်းမှုတစ်ခုတည်း မဟုတ်ပေ။ ဝေးလံသည့် ရေခပ်လမ်းကြောင်းများသို့ သွားရောက်ရခြင်း၊ မှောင်ရိပ်ကြရောက်ချိန်များတွင် ရေသွားယူရခြင်းတို့ကြောင့် လုံခြုံရေး အကာအကွယ်မဲ့မှုများနှင့်အတူ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်စော်ကားခံရမှု အန္တရာယ်၊ အကြမ်းဖက်ခံရမှု အန္တရာယ်များနှင့်ပါ ထိတွေ့ရင်ဆိုင်လာကြရသည်။

ဒါ့အပြင်တိတ်ဆိတ်စွာ ခံစားနေရသော အမျိုးသမီးကျန်းမာရေး ဒုက္ခများ သန့်ရှင်းသော ရေနှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းများ မလုံလောက်မှုသည် စစ်ဘေးရှောင် အမျိုးသမီးများအတွက် ငရဲခန်းတစ်ခုသဖွယ် ဖြစ်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် လိုအပ်သည့် သန့်ရှင်းသော ရေမရှိခြင်းကြောင့် ကျန်းမာရေး ထိခိုက်ရုံမျှမက၊ စခန်းအတွင်းရှိ အမျိုးသမီးအများစုတွင် ဆီးလမ်းကြောင်း ပိုးဝင်သည့် ဝေဒနာများကိုပါ ကူးစက်ခံစားနေကြရသည်။

အဆိုးရွားဆုံးမှာ အမျိုးသမီးများအတွက် လစဉ် ကြုံတွေ့နေရသည့် ရာသီသွေးလာခြင်းဆိုင်ရာ ကိစ္စရပ်ပင် ဖြစ်သည်။ ဝိရဌာနီ ( ပေါက်တော)မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခိုလှုံနေရသူ အသက် ၂၅ နှစ်အရွယ် မမေသူကလည်း ထိုဒုက္ခကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်နေရသူ ဖြစ်သည်။ “ရာသီလာတဲ့အခါ လစဉ်သုံး ပစ္စည်းမပြောနဲ့၊ သန့်ရှင်းတဲ့ ရေတောင် ဝဝလင်လင် မသုံးရဘူး။ အဝတ်စဟောင်းတွေကိုပဲ လျှော်ပြီး ပြန်သုံးရတယ်။ မိုးရာသီဆို အဝတ်စတွေက ခြောက်အောင် လှန်းဖို့ မလွယ်သလို၊ မှိုတက်ချင်သလို ဖြစ်လာတယ်။ သန့်ရှင်းရေး သေချာ မလုပ်နိုင်တော့ မိန်းမကိုယ် ယားယံတာနဲ့ ပိုးဝင်တာတွေ ခဏခဏ ဖြစ်ကြရတာ။ ကျန်းမာရေးဌာနလည်း မရှိတော့ ဆေးဆိုတာ မမှီဝဲနိုင်ဘူး” ဟု ပြောပြသည်။

“စခန်းမှာက ရာသီလာရင် သုံးဖို့ အမျိုးသမီးလစဉ်သုံး Pad တစ်ထုပ်ကို ဝယ်ဖို့ ပိုက်ဆံမှ မရှိတာ။ Pad မသုံးနိုင်တော့ အဝတ်ဟောင်းတွေကိုပဲ လျှောက်လျှော်ပြီး ပြန်သုံးရတယ်။ ဒါပေမဲ့ ရေကလည်း မသန့်၊ ဆပ်ပြာလည်း မရှိတော့ အမျိုးသမီးရောဂါတွေ၊ ဆီးလမ်းကြောင်း ပိုးဝင်တာတွေ ဖြစ်လာကြတာပေါ့” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးကလည်း အတည်ပြုပြောပြသည်။

ရာသီလာစဉ် ကိုက်ခဲဝမ်းအောင့်သည့် ပြဿနာမှာလည်း အမျိုးသမီးငယ်များအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်။ သောက်ဆေး အများအပြား ဝယ်ယူရန်အတွက် ငွေကြေး မတတ်နိုင်သည့်အခါ ထိုဝေဒနာကို အံကြိတ်ခံကြရသည်။

ပြဿနာတစ်ခုကို ပြေးထွက်ရင်း အခြားပြဿနာတစ်ခုထဲ သို့ရောက်ရှိခြင်း ဤသို့သော သဘာဝဘေး၊ စစ်ဘေးနှင့် တစ်ကိုယ်ရေ ကျန်းမာရေး ဒုက္ခများ ပေါင်းစပ်လာသည့်အခါ မသန်ရီတစ်ယောက် အသက် ၁၈ နှစ်ပင် မပြည့်သေးသည့် အရွယ်တွင် ဘဝ၏ အကြီးမားဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ရသည်။

ထိုအချိန်က မိသားစုတွင် လူဦးရေ များပြားပြီး စားဝတ်နေရေး ကျပ်တည်းမှု၊ လုံခြုံရေး မရှိမှုတို့အပြင် ဝမ်းအောင့်သည့် ဝေဒနာအတွက် ဆေးဖိုးပင် မရှိသည့် ဒုက္ခများမှ လွတ်မြောက်လိုသဖြင့် ၎င်းတို့နှင့် အတူ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သည့် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် စောစီးစွာ အိမ်ထောင်ပြုလိုက်ခြင်း ဖြစ်သည်။

အနာဂတ်ကို ပန်းခင်းလမ်းဟု ထင်မှတ်ကာ အိမ်ထောင်ပြုလိုက်သော်လည်း အိမ်ထောင်ပြုခြင်းက ပြဿနာများကို ပြေလည်မသွားစေခဲ့ပါ။

“အိမ်ထောင်ပြုလိုက်ရင် သက်သာမလားလို့ ထင်ခဲ့တာ။ ဒါပေမဲ့ မဟုတ်ဘူး။ အိမ်ထောင်ကျတော့လည်း စီးပွားရေးက ပိုကျပ်တည်းလာတာပဲ ရှိတယ်။ ကိုယ်ဝန်မရအောင် တားဆေးတွေ ဝယ်သောက်ရတယ်၊ ရာသီလာရင် ဝမ်းအောင့်တာကလည်း မပျောက်ဘဲ ဆက်ဖြစ်နေတော့ ဆေးဖိုးတွေက ပိုကုန်လာတယ်။ အရင်ကထက်တောင် ဒုက္ခပိုများသွားတယ်” ဟု မသန်ရီက ဝမ်းနည်းစွာ ပြောပြသည်။

လက်ရှိတွင် အသက် ၂၀ မျှသာ ရှိသေးသည့် မသန်ရီသည် ကလေးတစ်ယောက်၏ မိခင်ဖြစ်နေပြီဖြစ်သော်လည်း ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်း၏ တာပေါ်လင်စကာ အမိုးအောက်တွင် ငွေကြေးအခက်အခဲ၊ သန့်ရှင်းသော ရေရှားပါးမှု၊ လစဉ်သုံးပစ္စည်း မလုံလောက်မှု ပြဿနာများနှင့် ယနေ့ထက်ထိ ရုန်းကန်နေရဆဲဖြစ်သည်။

မသန်ရီနှင့် မမေသူတို့ကဲ့သို့ တခြားသော စစ်ဘေး ရှောင်များနှင့် ပန်ပင်း ဆင်းရဲသည့် အမျိုးသမီးမများမှာ ရာသီဥတု ဖောက်ပြန်မှုနှင့် စစ်ပွဲများ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကို ခံစားနေရကြရသည်။

ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒများနှင့် လူသားချင်းစာနာထောက်ထားမှု ကူညီရေး အစီအစဉ်များတွင် အမျိုးသမီးများ၏ လိင်အမျိုးအစားအခြေပြု လိုအပ်ချက်များ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ ထည့်သွင်းစဉ်းစား မဖြေရှင်းပေးနိုင်သမျှ ကာလပတ်လုံး မသန်ရီတို့ကဲ့သို့သော မိန်းကလေးငယ်များ၏ အနာဂတ်သည် ကြမ်းတမ်းသည့် ရာသီဥတုနှင့် စစ်ပွဲ၏ ရိုက်ခတ်မှုများအောက်တွင် ဆက်လက် အရောင်မှိန်နေဦးမည်လည်း ဖြစ်ပါသည်။

Related posts

ရခိုင်ဘုရင် သီရိသုဓမ္မရာဇာ၏ သက်တော်စောင့် ဂျပန်လူမျိုးဆာမူရိုင်းများကို ရှာဖွေခြင်း – ၂ (နိဂုံးပိုင်း)

စစ်တွေမြို့က မွတ်ဆလင်ကျေးရွာကို ဝမ်းပျက်ဝမ်းလျှောကြောင့် လော့ဒေါင်းချထား

သံတွဲ ကျောက်ကြီး ဗုံးကြဲခံရမှုတွင် ဒဏ်ရာရရှိသူတွေကို ULA က ၁၁၅ သိန်း ထောက်ပံ့