အာရက္ခတိုင်းမ်စ် (၁၈ သြဂုတ် ၂၀၂၆)
မကွေးတိုင်း ဂုတ်ကြီးကနေ နတ်ရေကန်ကို ရွေးတုအစိုးရတပ်က အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကို အာရက္ခတပ်တော်က ဖြတ်တိုက်လို့ ၅၀ ကျော်သေဆုံးပြီး မစခ ၉၀၅ ဆုံကုန်းအမြောက်တပ်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
“၁၆ ရက်နေ့က တပ်တော်က ကြားဖြတ်တိုက်တာ။ အနည်းဆုံး ၅၀ ကျော်တော့ သေတယ်။ အလောင်းတချို့နဲ လက်နက်တချို့ တပ်တ်ေက ရလိုက်တယ်။ စစ်တပ်ဖက်ကလည်း လေကြောင်းပစ်ကူနဲ့ လက်နက်ကြီး ပစ်ကူတွေပေးပြီး အလောင်းတချို့နဲ့ ဒဏ်ရာ ရသူတွေကို ဆုံကုန်းအမြောက်တပ်ကို ပြန်သယ်သွားတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရတပ်ဟာ နတ်ရေကန်ကို လူအင်အားနဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေ ပို့ဆောင်နိုင်ရန် လမ်းဟောင်းရော လမ်းသစ်ပါ အသုံးပြုပြီး စစ်ကြောင်းတွေ ထိုးနေတာလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်အနေနဲ့ နတ်ရေကန်ကမ္ဘာလုံးစခန်းကို သိမ်းနိုင်ခဲ့ရင် ပဒါန်းတပ်နယ်ကို ခြိမ်းခြောက်နိုင်ပေမယ့် နတ်ရေကန်ကမ္ဘာလုံးစခန်းဟာ လေကြောင်းပစ်မှတ်တစ်ခုဖြစ်ပြီး မကွေးလေတပ်စခန်းဌာနချုပ်နဲ့ အလွန်နီးကပ်လို့ မသိမ်းတာဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
လက်ရှိမှာတော့ ရွေးတုအစိုးရဟာ အာရက္ခတပ်တော် ရှိမယ်ထင်တဲ့နေရာတွေကို ဂျက်ဖိုက်တာတွေနဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။