အာရက္ခတိုင်းမ်စ် (၁၉ ဩဂုတ် ၂၀၂၆)
အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်၊ စစ်တွေမြို့က မွတ်ဆလင်ကျေးရွာကို ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် လော့ဒေါင်းချထားတယ်လို့ စစ်တွေမြို့ဒေသခံတွေက ပြောပါတယ်။
ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိနေပြီး ကယ်ဆယ်ရေးစခန်းတွေကို ကုလသသမဂ္ဂက ပေးတဲ့ အဟာရမှုန့်တွေကနေတဆင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“NGO, UN က ပေးတဲ့ အာဟာရမှုန့်၊ အဲဒီ အာဟာရမှုန့် ဒိတ်အောက်တဲ့ဟာတွေ စားပြီးတော့ ဝမ်းတွေ သွားတာတဲ့ သူတို့ ကုလားတွေက အဲဒီလိုတော့ ပြောတယ်။ သူတို့ ရွာတွေပေါ့၊ ကုလားတွေ ဘယ်ရွာ၊ ဘယ်ရွာ လော့ဒေါင်းချထားတဲ့ အဲဒီလိုမျိုးပေါ့။ ဒါပေမယ့် ဘယ်နေရာ၊ ဘယ်နေရာလဲတော့ အတိအကျ မသိဘူးပေါ့” လို့ ပြောပါတယ်။
စစ်တွေမြို့က မွတ်ဆလင်ကျေးရွာကို သွားလာခွင့်တွေ ပိတ်ပင်ထားတာကြောင့် ဒေသခံတွေဟာ စားဝတ်နေရေးနဲ့ ကျန်းမာရေး အခက်အခဲများ ရင်ဆိုင်နေရပါတယ်။
အဲဒီလို ဝမ်းပျက်ဝမ်းလျှောကြောင့် မွတ်ဆလင်ကျေးရွာကို လော့ဒေါင်း ချထားတဲ့အတွက် စစ်တွေမြို့တွင်းကို ငါးလာရောင်းနေတဲ့ မွတ်ဆလင်တွေ မရှိသလောက် ဖြစ်သွားပြီး ငါးဈေးနှုန်းတွေလည်း မြင့်တက်လာတယ်လို့ စစ်တွေဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ရက္ခိုင်မှာ ကုလား ၃၊ ၄ ယောက်တော့ သေပြီလို့ ပြောတယ်။ ဒါပေမယ့် ကိုယ်လည်း အတိအကျ မသိဘူး။ ဝမ်းရောဂါတွေ ဖြစ်နေလို့ လော့ဒေါင်းချထားတယ် ဆိုပြီးတော့ ပြောသံ ကြားတယ်။ ဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောလို့ရှိရင် ဈေးမှာ ငါးရောင်းတဲ့ လူတောင် မရှိဘူး။ အရမ်းတွေ ဈေးတက်” လို့ ပြောပါတယ်။
စစ်တွေမြို့ပေါ် ရပ်ကွက်အချို့၊ စစ်ဘေးရှောင်စခန်းတွေ၊ မွတ်ဆလင်ကျေးရွာတွေနဲ့ ဒုက္ခသည် စခန်းတွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ်ကနေစတင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ သွားလာခွင့် ကန့်သတ်ချက်တွေကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်ချက်တွေ၊ ဝင်ငွေမရှိတဲ့အတွက် ဆေးဝါးအခက်အခဲတွေကြောင့် ရောဂါဖြစ်ပွားမှု ပိုပြီး မြင့်တက်မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။