အာရက္ခတိုင်းမ်စ် (၂၅ ဩဂုတ် ၂၀၂၆)
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ လာမယ့်စက်တင်ဘာလ အစောပိုင်းမှာ ကမ္ဘောဒီးယားနိုင်ငံဆီ တရားဝင် ခရီးစဉ်သွားရောက်ဖို့ ရှိနေတာက ဘာကြောင့်ဖြစ်နိုင်လဲ ဆိုတဲ့အပေါ် အမျိုးမျိုးသော သုံးသပ်ချက်တွေ ထွက်ပေါ်လျက် ရှိနေတာပါ။
ကမ္ဘောဒီယား အထက်လွှတ်တော်ကတော့ စက်တင်ဘာလ အစောပိုင်းမှာ မင်းအောင်လှိုင် လာမယ့်အကြောင်းကို ရုရှားခရီးစဉ် စတင် သွားရောက်တဲ့နေ့ကတည်းက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
မင်းအောင်လှိုင်ရဲ့ ကမ္ဘောဒီယားခရီးစဉ်ဟာ ကုန်သွယ်ရေးထက် အာဆီယံမှာ ပြန်လည်ထိုင်ခွင့်ရဖို့ အတွက်နဲ့ ကျားဖြန့်နှိမ်နင်းရေး ကိစ္စတွေအတွက် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ကမ္ဘောဒီးယားကတော့ ကိုယ်နဲ့တော့ တိုက်ရိုက် နယ်နိမိတ်ချင်းတော့ မဆက်စပ်ဘူးပေါ့လေ။ ဒါပေမယ့် တချို့ပြဿနာလေးမှာ ဆက်စပ်နေတာတော့ ရှိတယ်။ ဥပမာ ကျားဖြန့်ကိစ္စတွေ၊ မြဝတီတို့ ဘာတို့၊ ရွှေကုက္ကိုလ်တို့ ဘာတို့မှာ လာပြီးတော့ ခြေကုပ်ယူတဲ့ ကျားဖြန့်အဖွဲ့တွေက ဟိုး သူတို့ စပြီးတော့ အဲဒါတွေ လာဆောက်နေကတည်းကိုက အဲဒီတုန်းကအကြောင်းတွေ ကျနော်တို့ ဖတ်ဖူးတယ်။ လာရင်းနှီးမြှုပ်နှံတဲ့ လူတွေက ကမ္ဘောဒီးယားမှာ တရုတ်က ကမ္ဘောဒီယားအစိုးရနဲ့ ပေါင်းပြီး နှိပ်ကွပ်လိုက်လို့ ထွက်ပြေးလာရတဲ့ လူဆိုးဂိုဏ်းတွေ။ ဆိုလိုတာက အဲဒီက အတွေ့အကြုံ၊ အဲဒါတွေနဲ့ ဆက်စပ်လို့ တိုင်ပင်စရာ၊ မျှဝေတာတို့ အဲဒါမျိုးတွေ လုပ်လို့ရတယ်။ နောက်တစ်ခုက အာဆီယံ အဖွဲ့စည်းထဲမှာဆိုရင်လည်း ကိုယ့်ကို ပြန်ပြီးတော့ မူလထိုင်ခုံကို ထိုင်ခွင့်ရဖို့အတွက် ကြိုးစားပေးဖို့အတွက် သူ့အနေနဲ့ သွားပြီး ချစ်ကြည်ရေးကို ပိုတိုးတက်အောင် ဖြစ်တဲ့သဘောပေါ့။ ကုန်သွယ်ရေးတို့ ဘာတို့လည်း သူက လုပ်မယ်ဆိုရင် ကြားက ထိုင်းတို့၊ ဘာတို့ လာအိုတို့ ခံပြီးတော့ လုပ်ရမှာပေါ့” လို့ သူက ပြောပါတယ်။
စစ်ကော်မရှင်ခေါင်းဆောင် ကာချုပ်အဖြစ် မင်းအောင်လှိုင် တာဝန်ယူခဲ့ပြီး အာဏာသိမ်းခဲ့စဉ်က ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံကို မကြာခဏ လာရောက်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ မကြာခဏ တွေ့ဆုံခဲ့ကြဖူးတာပါ။
မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာဖြစ်ပြီး အဆိုပါ အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ကာ ဒီကနေ့ထက်ထိ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအတုကနေ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရကတည်းက မင်းအောင်လှိုင်ဟာ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတွေကို သွားရောက်ပြီး စီးပွားရေး သဘောတူညီမှုတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ခရီးစဉ်တွေဟာ မင်းအောင်လှိုင်အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်ပွားနေဆဲ နိုင်ငံရေး အကျပ်အတည်းနဲ့ ပြည်တွင်း ပဋိပက္ခတွေကြား သူ့အစိုးရကို အသိအမှတ်ပြုမှု ရရှိအောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သုံးသပ်ကြတာပါ။