အာရက္ခတိုင်းမ်စ် (၂၅ သြဂုတ် ၂၀၂၆)
အာရက္ခတပ်တော်ကို ရွေးတုအစိုးရတပ်က တိုက်ခိုက်ရေး တပ်မကြီး ၁၀ ခု အသုံးပြုပြီး တိုက်စစ် ဆင်နေတယ်လို့ သိရပါတယ်။
“အာရက္ခတပ်ကို အကြမ်းဖက်တပ်ဟာ တိုက်ခိုက်ရေးတပ်မကြီး ၁၀ ခု အထိ သုံးပြီး တိုက်စစ်ဆင်ထားရတာကို တွေ့ရပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ တပ်မ ၆၆၊ ညောင်ကျိုးနယ်မြေမှာ စကခ ၂၀၊ ယခု မင်းတုန်း မှာ တပ်မ ၅၅၊ နတ်ရေကန်မှာ စကခ ၁၀ နဲ့ စကခ ၁၇၊ ပလက်ဝဝင် ပေါက်ဖြစ်တဲ့ မင်းတပ် ကန်ပက်လက်မှာ တပ်မ ၉၉ အပြင် ကျောက်ဖြူမှာလဲ တပ်မ ၁၁ ရှိနေပါတယ်။ နပခ (အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) နယ်မြေမှာ စကခ ၅ စကခ ၉ စကခ ၁၅ တို့အပြင် ခြေလျင်ခြေမြန် တိုက်ခိုက်ရေး တပ်ရင်း ၁၃ ရင်း ရှိနေပါတယ်။ တိုက်ခိုက်ရေးတပ်မကြီးတွေမှာ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းစီ ရှိတာမို့ အကြမ်းဖျဉ်းအားဖြင့် ခြေလျင်ခြေမြန်တပ်ရင်း ၁၁၃ ရင်းနဲ့ မြေပြင်ကနေ တိုက်စစ်ဆင်နေရခြင်း ဖြစ်ပါတယ်။ အကြမ်းဖက်တပ်မှာ ခြေလျင်ခြေမြန် တပ်ရင်း ၅၅၂ ရင်း ဖွဲ့စည်းထားတာမို့ ကြည်းတပ်အင်အား ၅ ပုံ ၁ ပုံ အသုံးပြုထားရတဲ့အပြင် ရေတပ် လေတပ်အစုံ နဲ့ ထိုးစစ်ဆင်နေရတာ ဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။
ရွေးတုအစိုးရဟာ ရက္ခိုင်ပြည်က သူ လက်လွှတ် ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည် ရရှိနိုင်ဖို့အတွက် လေကြောင်း၊ ရေကြောင်းနဲ့ မြေပြင်ကပါ စစ်အင်အား အများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပေမယ့်လည်း အာရက္ခတပ်တော်ရဲ့ တန်ပြန်တိုက်စစ်ကြောင့် စစ်ရေးအရ ရှုံးနိမ့်နေတယ်လို့ သိရပါတယ်။
“အကြမ်းဖက်တပ်ဟာ အာရက္ခတပ်အပေါ် စစ်ရေးချည်းသက်သက် ဆိုင်လျင် ဘယ်လိုနည်းနှင့်မျှ နိုင်အောင် တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး ဆိုတာ အထင်အရှား မြင်နေရပြီ ဖြစ်ပါတယ်။ ဒါကြောင့် စစ်ဗိုလ်ချုပ်များဟာ ရက္ခိုင်ပြည် ကို အဆိုးရွားဆုံး လေကြောင်း အကြမ်းဖက်မှုတွေကို နေ့စဉ်ဆက်တိုက် ကျူးလွန်နေတာကို တွေ့ရပါတယ်” လို့လည်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုပါတယ်။
အာရက္ခတပ်တော်ကလည်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသအပြင် မြန်မာပြည်အနှံ့တွင် စစ်ရေးနဲ့မသက်ဆိုင်တဲ့ အပြစ်မဲ့ပြည်သူများ နေထိုင်ရာ နေရာများကို လေကြောင်းကနေ တရားလက်လွတ် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေတာကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အိုးအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုမှာ တစ်ရက်ထက်တစ်ရက် မြင့်တက်လျက် ရှိနေတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် အာရက္ခဒေသအတွင်းနေ မိဘပြည်သူများအနေဖြင့် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းရန်တို့ကို ယခင်ထက်ပိုမို သတိထားကြပါရန် ထပ်မံ အသိပေး တိုက်တွန်းလိုက်ပါတယ်လို့လည်း အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။