အာရက္ခတိုင်းမ်စ် (၁၀ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် ဒေသခံများ သောက်သုံးရေ အဆင်ပြေစေရန် မြကန်သာ ကန်တော်ကြီး ရေကန်ကို ဌာနဆိုင်ရာများစုပေါင်းပြီး သန့်ရှင်းရေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
မိုးကုန်ပြီးနောက် စက်တင်ဘာလမှစတင်ကာ မြို့တွင်းကို ရေခွဲဝေပေးနေတဲ့ အဆိုပါရေကန်တွင် မြက်နဲ့ သစ်ရွက်များ ပုတ်သိုးကာ ရေညစ်ညမ်းမှုများ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ရေအရောင်ပြောင်းလဲခြင်းနဲ့ အနံ့ဆိုးများ ထွက်ပေါ်လာတာကြောင့် ဒေသခံများဟာ ဝမ်းရောဂါနဲ့ အရေပြားရောဂါများ ဖြစ်ပွားမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒီကနေ့ (အောက်တိုဘာ ၉) မနက်ပိုင်းတွင် မြို့နယ်ပါတီကော်မတီက ဦးဆောင်ကာ ဌာနဆိုင်ရာဝန်ထမ်း ၁၀၀ ကျော်က ရေကန်အတွင်းရှိ ရေညှိနဲ့ မြက်ခြောက်များကို စုပေါင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။
လက်ရှိတွင် ရေကန်သန့်ရှင်းရေးအပြင် မြို့အတွင်း ရေပေးဝေမှု ပုံမှန်ဖြစ်စေရန်နဲ့ ရေသုံးစွဲမှု အဆင်ပြေစေရန် မြို့နယ်ဖွံ့ဖြိုးဝန်ဆောင်မှုဌာနက ဆက်လက်စီမံ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။