ပလက်ဝကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲလို့ ၉ ဦး သေဆုံး၊ CNF ရှုတ်ချ

အာရက္ခတိုင်းမ်စ် (၂၂ အောက်တိုဘာ ၂၀၂၆)

ပလက်ဝမြို့နယ်က ဒိုင်ရ်ဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ ဦး အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရခဲ့တယ်။

ဒီလုပ်ရပ်ကို ချင်းအမျိုးသားတပ်ဦး (CNF) က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ ပလက်ဝမြို့နယ်၊ ပီချောင်းဆုံဒေသကို စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနဲ့ ဒဏ်ရာရသူတွေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ CNF က ဆုတောင်းမေတ္တာ ပို့သထားပါတယ်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ထပ်ခါထပ်ခါ လုပ်ဆောင်နေတာဖြစ်ကြောင်း CNF က ထောက်ပြထားပါတယ်။

ပြည်သူတွေအနေနဲ့လည်း လေကြောင်းရန်ကို အထူးသတိပြုကြဖို့ တိုက်တွန်းထားပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒိုင်ရ်ဒေသဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ထိန်းချုပ်နယ်မြေလည်း ဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ ရှုံးနိမ့်မှုတွေကြောင့် စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲနေတာ ဖြစ်တယ်လို့ CPU/CPA ကလည်း ထုတ်ပြန်ထားပါတယ်။

CNF ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိမှာ ကန်ပက်လက်၊ မင်းတပ်၊ ရွှေအောင်သာနဲ့ ကျင်ဒွေးစတဲ့ စစ်မျက်နှာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီဟာ တိုက်လေယာဉ်တွေ၊ Y-12 လေယာဉ်တွေနဲ့ လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

CNF အနေနဲ့လည်း စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးအတွက် ဘုံရည်မှန်းချက်တူ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

Related posts

အဉ္ဇနပူရမြို့ကို စစ်ကောင်စီ Y-12 နဲ့ ညဘက်ဗုံးကြဲ၊ ၂ ဦး ဒဏ်ရာရပြီး ဆီဆိုင်ပျက်စီး

ရက္ခိုင်ကမ်းလွန်မှာ ၂၃၊ ၂၄ ရက် လေပြင်းနဲ့ လှိုင်းကြီးနိုင်၊ ရက္ခိုင်ပြည်အပါအဝင် ၇ ဒေသမှာ မိုးကြီးနိုင်

စကစ က ငပြီကျွန်းကို ကမ်းတက်တိုက်ခိုက်နေချိန်တွင် AA က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်