ရက္ခိုင်ကမ်းလွန်မှာ ၂၃၊ ၂၄ ရက် လေပြင်းနဲ့ လှိုင်းကြီးနိုင်၊ ရက္ခိုင်ပြည်အပါအဝင် ၇ ဒေသမှာ မိုးကြီးနိုင်

အာရက္ခတိုင်းမ်စ် (၂၂ အောက်တိုဘာ ၂၀၂၆)

ဘင်္ဂလားပင်လယ်အော်မှာ လေဝဲစနစ်တစ်ခု စတင်ဖြစ်ပေါ်နေလို့ အောက်တိုဘာလ ၂၂ ရက်ကနေ ၂၄ ရက်အတွင်း ရက္ခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံရဲ့ ကမ်းရိုးတန်းနဲ့ အောက်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ရက္ခိုင်ကမ်းလွန်၊ မြစ်ဝကျွန်းပေါ်နဲ့ မုတ္တမကွေ့ ပင်လယ်ပြင်တွေမှာ အောက်တိုဘာလ ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ မိုးသက်လေပြင်းတွေ တိုက်ခတ်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်လို့ ရေလုပ်သားတွေနဲ့ ခရီးသွားပြည်သူတွေ သတိပြု သွားလာကြဖို့ လိုတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

၂၂ ရက်ကနေ ၂၄ ရက်အတွင်း ရက္ခိုင်ပြည်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ မိုးနေရာကျဲကျဲကနေ နေရာစိပ်စိပ် ရွာသွန်းနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။

အောက်တိုဘာလ ၂၂ ရက်နဲ့ ၂၃ ရက်မှာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းအစပ်မှာ ဗဟိုဖိအား ၁၀၁၂ hPa ဝန်းကျင်ရှိတဲ့ လေဝဲစနစ်တစ်ခု စတင်အစပျိုးလာပြီဖြစ်ပြီး ပင်လယ်ပြင်မှာ တဖြည်းဖြည်း အားကောင်းလာမယ့် လက္ခဏာတွေ ပြနေပါတယ်။

၂၄ ရက်နေ့မှာ အဲဒီလေဝဲစနစ်က အနောက်မြောက်ဘက်ကို တဖြည်းဖြည်း ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ဗဟိုဖိအား ၁၀၀၆ hPa နဲ့ အားအသင့်အတင့်ရှိတဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်လာပါမယ်။

၂၄ ရက်နေ့မှာပဲ ရက္ခိုင်ကမ်းလွန်ဘက်ကို ဦးတည်ပြီး ဗဟိုဖိအား ၁၀၀၄ hPa အထိ လျင်မြန်စွာ အားကောင်းလာနိုင်ပြီး ပိုကျယ်ပြန့်တဲ့ လေဝဲစီးကြောင်းအဖြစ် ဆက်တည်ရှိနေဦးမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

Related posts

အဉ္ဇနပူရမြို့ကို စစ်ကောင်စီ Y-12 နဲ့ ညဘက်ဗုံးကြဲ၊ ၂ ဦး ဒဏ်ရာရပြီး ဆီဆိုင်ပျက်စီး

စကစ က ငပြီကျွန်းကို ကမ်းတက်တိုက်ခိုက်နေချိန်တွင် AA က စစ်တွေမြို့နယ်ကို တန်ပြန်ထိုးစစ်ဆင်

ထိခိုက်သေဆုံးမှု များနေလို့ ပုသိမ် နတခကို စစ်ကောင်စီ အင်အားထပ်ဖြည့်