အာရက္ခတိုင်းမ်စ် (၉ စက်တင်ဘာ ၂၀၂၆)
ရွေးတုအစိုးရတပ်က ရက္ခိုင်ပြည်က သူလက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အင်အား အများအပြားနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး အဆိုပါ တိုက်ခိုက်မှုကနေ ကူညီဖို့အတွက် မိမိတို့ အခြေပြုရာ နေရာတွေမှာ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ တော်လှန်ရေးတပ်တွေကို CDM ဗိုလ်ကြီးဇင်ယော်က အကြံပြုထားပါတယ်။
“အာရက္ခတပ်နဲ့ ပြည်သူတွေအတွက် အခက်အခဲဆုံး ကာလတစ်ခုကို စတင် ရောက်ရှိလာနေပြီဖြစ်ပြီး ကျော်လွှားနိုင်ခဲ့ရင်တော့ အာရက္ခပြည်ဟာ အပြီးအပိုင် လွတ်မြောက်သွားတော့မှာ ဖြစ်ပါတယ်။ အာရက္ခတပ်ကို ကူညီဖို့ဆိုရင် ရက္ခိုင်စစ်မြေပြင်အထိ သွားပြီး စစ်ကူပေးရဖို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ မိမိတို့ အခြေပြုရာဒေသတွေမှာပဲ စစ်ရေးဖော်ဆောင်မှုတွေ ပြုလုပ်ပြီး အကြမ်းဖက်တပ်ရဲ့ စစ်ကြောင်းတွေကို အာရုံထွေပြားသွားအောင် တိုက်ကွက် ဖော်ပေးကြဖို့ ဖြစ်ပါတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
ရွေးတုအစိုးရတပ်ဟာ ရက္ခိုင်ပြည် ဂွ၊ တောင်ကုတ်နဲ့ အမ်းနယ်စပ်တွေမှာလည်း စစ်ကြောင်းတွေ ထိုးနေသလို့ စစ်တွေကနေ ပုဏ္ဏားကျွန်း နဲ့ ရသေ့တောင်မြို့နယ်တွေကို လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်နေပါတယ်။
“လက်ရှိ အင်အားနှိုင်းယှဉ်ချက်အရ ကြည့်ရမယ်ဆိုရင် ရက္ခိုင်ပြည်အတွင်းက မြို့ သို့မဟုတ် ဒေသအစိတ်အပိုင်းတစ်ခု အခိုက်အတန့်အားဖြင့် လက်လွှတ်ရကောင်း လက်လွှတ်သွားရနိုင်ချေ ရှိနေပါတယ်။ ဒါကလဲ အာရက္ခတပ်ရဲ့ မဟာဗျူဟာတစ်ခု ဖြစ်နေပါလိမ့်မယ်။ ခေတ္တဆုတ်ခွာပေးလိုက်ပြီးမှ အင်အားအလုံးအရင်းနဲ့ ပြန်လည် ပိတ်ဆို့တိုက်ခိုက်မယ့် နည်းဗျူဟာ ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်” လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။
အာရက္ခတပ်တော်က ရက္ခိုင်ပြည်သူများအနေနဲ့ အခုရက်ပိုင်းအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လက်ရှိ စစ်ရေးလှုပ်ရှားနေပုံများကို သုံးသပ်ချက်အရ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်နိုင်တာကြောင့် လက်နက်ကြီးရန်များကို အထူးသတိထားကြရန် လေကြောင်းအချက်ပြမှုများကို သတိထား စောင့်ကြည့်ပြီး နိုးနိုးကြားကြားနဲ့ အချင်းချင်း သတိပေးကြရန်နဲ့ လက်နက်ကြီးရန် လေကြောင်းရန်များကို အထူးသတိထားထပ်မံ အသိပေး တိုက်တွန်းထားပါတယ်။