မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် ရုတ်တရက်သေဆုံးသူ ၁၂ ဦးခန့်ရှိ

အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၆)

မြန်မာနိုင်ငံမှာ အောက်တိုဘာလဆန်းကတည်းက ပြင်းထန်တဲ့ အပူဒဏ်ကြောင့် ရုတ်တရက် လဲကျသေဆုံးသူ ၁၂ ဦးခန့်ရှိလာပြီး၊ သက်ကြီးရွယ်အိုတွေသာမက သက်လတ်ပိုင်းနဲ့ လူငယ်တွေပါ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အပူဒဏ်ကြောင့် သေဆုံးမှုအများဆုံးက မွန်ပြည်နယ်မှာဖြစ်ပြီး ဘီးလင်း၊ မော်လမြိုင်၊ မုဒုံ၊ သထုံမြို့နယ်တွေမှာ ၉ ဦးအထိ ရှိပါတယ်။

ရန်ကုန်တိုင်း (သန်လျင်၊ ကျောက်တံတား၊ စမ်းချောင်း၊ မရမ်းကုန်း) နဲ့ ပဲခူးတိုင်း (တောင်ငူ) မှာလည်း သတိလစ်ခြင်း၊ လေဖြတ်ခြင်း၊ ရုတ်တရက်လဲကျခြင်းတွေကြောင့် သေဆုံးသူတွေ ထပ်ပေါ်ခဲ့ပါတယ်။

အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက အပူလျှပ်ခြင်း (Heat Stroke) ဟာ ခန္ဓာကိုယ်ထဲက ရေနဲ့ဆားဓာတ် ဆိုးဆိုးရွားရွား ဆုံးရှုံးလို့ ဖြစ်တာဖြစ်ပြီး၊ သတိလစ်ခြင်း၊ အကြောသေခြင်းကနေ ဦးနှောက်သွေးကြောပြတ်တဲ့အထိ အသက်အန္တရာယ် ကြီးမားတယ်လို့ သတိပေးထားပါတယ်။

ကာကွယ်ဖို့ အကြံပြုချက်အနေနဲ့ကတော့ နေရောင်အောက်မှာ အချိန်ကြာကြာ အလုပ်လုပ်တာကို ရှောင်ရန်၊ ချောင်ချိပြီး အရောင်ဖျော့တဲ့ အဝတ်အစားတွေ ဝတ်ရန်၊ နေပူပြင်းတဲ့ အချိန်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်း မလုပ်ရန်နဲ့ အလုံပိတ် မော်တော်ကားထဲမှာ အချိန်ကြာကြာ မထိုင်ရန် တိုက်တွန်းထားပါတယ်။

အပူလျှပ်တဲ့ လက္ခဏာတွေ ခံစားရရင် လူနာကို အရိပ်ရတဲ့နေရာ ဒါမှမဟုတ် လေအေးပေးစက်ခန်းကို ချက်ချင်းရွှေ့ပြီး၊ ရေအေးအေးဖြန်းပေးကာ ချိုင်း၊ ပေါင်ခြံ၊ လည်ပင်းတို့မှာ ရေပတ်တိုက်ပေးဖို့ ဒေါက်တာကျော်မင်းထွန်းက တိုက်တွန်းထားပါတယ်။

Related posts

မြောက်ဦးမှာ လမ်းမကြီးဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်မှုတွေကို ၁၅ ရက်အတွင်း ဖယ်ရှားဖို့ အသိပေး

၃ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်၊ ရက္ခိုင်ပြည်က ၁၅၁ ကြိမ်နဲ့ အများဆုံးဖြစ်

ပန်းတောင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ အလောင်း နဲ့ သုံ့ပန်း AA သိမ်းပိုက်ရရှိ