အာရက္ခတိုင်းမ်စ် (၁၃ စက်တင်ဘာ ၂၀၂၆)
အာရက္ခတပ်တော် သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်တွင်းက ဆေးဝါးဖြန့်ဖြူးရောင်းချနေတဲ့ ဆေးဆိုင်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) က ပုံမှန် ကွင်းဆင်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
“ဆေးဆိုင်တွေမှာ ရက်လွန်သွားတဲ့ ဆေးတွေ ရောင်းချနေလား၊ လိုင်စင်ရှိလား၊ စတာတွေနဲ့ တခြား လိုအပ်တဲ့ စစ်ဆေးမှုတွေပို လုပ်ဆောင်နေတာပါ။ ဒီလထဲမှာကို တောက်လျောက် ကွင်းဆင်း စစ်ဆေးနေပါတယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနခွဲ (FDA) တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
၂၀၂၆ ခုနှစ် ဇွန်လကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက သံတွဲခရိုင်အတွင်းရှိ ဆေးဆိုင် ၂၁ ဆိုင်ကို ရှောင်တခင် သွားရောက်ကာ စစ်ဆေးခဲ့ပြီး လိုင်စင်မရှိဘဲ ဆေးဆိုင်ဖွင့်ပြီး ဆေးရောင်းချနေတဲ့ ဆေးဆိုင် ၅ ဆိုင်ကို လိုင်စင်မရှိဘဲ မရောင်းချရန် သတိပေးခဲ့တယ်လို့ သိရပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနအနေနဲ့ ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေမှာ ဖွင့်လှစ်ထားတဲ့ ဆေးခန်းတွေကိုလည်း ရှောင်တခင် စစ်ဆေးနေပြီး ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဆေးကုသနေတဲ့ ဆေးဆရာများ၊ ဆေးခန်းနဲ့ ရက်လွန်ဆေးများ၊ တရားမဝင် တင်သွင်းထားတဲ့ ဆေးဝါးများကို အသုံးပြုရောင်းချနေတဲ့ ဆေးခန်းများကို တွေ့ရှိခဲ့ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
အလားတူ ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ အလှကုန်ဆိုင်အနေနဲ့ သက်တမ်းကုန်နေတဲ့ အလှကုန်တွေကို မရောင်းချရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာန အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ကွင်းဆင်း သတိပေးနေတယ်လို့ သိရပါတယ်။
Photo-FDA