အာရက္ခတိုင်းမ်စ် (၂၇ စက်တင်ဘာ ၂၀၂၆)
ကိုးကန့်တပ်မတော် (MNDAA) က အိမ်ရှင်အဖြစ် လောက်ကိုင်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ လမုန့်စားပွဲ အခမ်းအနားကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA)၊ တအာင်းတပ်မတော် (TNLA) နဲ့ MNDAA တို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွ တက်ရောက်ခဲ့ကြပါတယ်။
စက်တင်ဘာလ ၂၅ ရက်က ကျင်းပခဲ့တဲ့ အဆိုပါ အခမ်းအနားကို ကိုးကန့်ခေါင်းဆောင် ဦးဖုန်တဲရင်၊ TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းနဲ့ ဒုဥက္ကဋ္ဌ တာခူးလန်း၊ အာရက္ခတပ်တော် (AA) ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်တို့ တက်ရောက်ခဲ့ကြတာဖြစ်ပြီး ကိုးကန့်သတင်းပြန်ကြားရေးက တရုတ်ဘာသာနဲ့ ထုတ်ပြန်တဲ့ သတင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
ညီနောင်မဟာမိတ်တွေဖြစ်တဲ့ ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင်တပ်ဖွဲ့တွေအနက် ကိုးကန့်နဲ့ တအာင်းတပ်တွေဟာ ရှမ်းမြောက်ဒေသ နယ်မြေအငြင်းပွားမှုကြောင့် ဒီနှစ် မတ်လအတွင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။ အခုအခါမှာတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး နှစ်ဝက်လောက်အကြာမှာ ကိုးကန့်တပ်ဖွဲ့က ဦးစီးကျင်းပတဲ့ လမုန့်စားပွဲကို TNLA ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင် တက်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ MNDAA နဲ့ TNLA တို့ဟာ စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို လက်ခံကာ နေပြည်တော်အထိ သွားရောက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်နေကြပါတယ်။
ဒါပေမဲ့ ညီနောင်မဟာမိတ် တစ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် (AA) ကတော့ အာဏာသိမ်း စစ်ကောင်စီနဲ့ နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က AA ထိန်းချုပ်ရာ ဒေသတွေကို စက်တင်ဘာ ၄ ရက်နေ့ကတည်းက အင်အားအများအပြားသုံးပြီး တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးပမ်းနေပေမဲ့ ရှေ့မတိုးနိုင်ဘဲ AA ရဲ့ ပြန်လည် တိုက်ခိုက်မှုကြောင့် တပ်စခန်းတွေ ဆက်လက် ဆုံးရှုံးနေတာကြောင့် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေဆဲ ဖြစ်ပါတယ်။