အာရက္ခတိုင်းမ်စ် (၁၁ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်အတွင်း အမျိုးသမီးများနဲ့ ကလေးငယ်များအပေါ် ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အထူးတရားရုံးများနဲ့ တရားစီရင်လျက်ရှိပြီး ပြီးခဲ့တဲ့ ၂ လကျော်အတွင်း မုဒိမ်းမှုနဲ့ ဆက်စပ်လူသတ်မှု ကျူးလွန်သူ ၂ ဦး သေဒဏ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။
နောက်ဆုံးအမှုအနေနဲ့ အဉ္ဇနပူရမြို့နယ်၊ ဖားပြိုကျေးရွာတွင် အသက် ၉ နှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့အပေါ် အသက် ၃၈ နှစ်အရွယ် တရားခံတစ်ဦးကို အဉ္ဇနပူရ ခရိုင်တရားရုံးက အောက်တိုဘာလ ၉ ရက်မှာ သေဒဏ် ချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါအမှုမှာ ၂၀၂၅ ခုနှစ် မေလအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တရားရုံးက တရားလိုဘက်က သက်သေ ၁၀ ဦးအပါအဝင် နှစ်ဖက်စစ်ဆေးမှုများကို တစ်နှစ်ကျော်ကြာ စစ်ဆေးကာ အခုကဲ့သို့ ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ဩဂုတ်လ ၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့ တရားခံများအနက် တရားခံတစ်ဦးကို စစ်တွေခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီး၊ ပူးပေါင်းကျူးလွန်သူ နှစ်ဦးကိုလည်း ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။
အလားတူ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်တွင် ခြံစောင့် အလုပ်လုပ်နေသူရဲ့ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် သမီးငယ်ကို မုဒိမ်းကျင့် ထွက်ပြေးနေတဲ့ ခြံပိုင်ရှင်ကို နှစ်လကျော်ကြာမှာ ဖမ်းဆီးရမိခဲ့ပြီး စက်တင်ဘာလ ၅ ရက်တွင် မြောက်ဦးအထူးတရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်တယ်လို့ သိရပါတယ်။