မင်းတုန်းနဲ့ ပဒါန်းတွင် တိုက်ပွဲများ ပြင်းထန်၊ စကစ အလောင်းတချို့နဲ့ သုံ့ပန်း AA ရရှိ

အာရက္ခတိုင်းမ်စ် (၁၁ အောက်တိုဘာ ၂၀၂၆)

မကွေးတိုင်းအတွင်းရှိ တလိုင်းတောင်-မင်းတုန်းလမ်းနဲ့ အမ်း-ပဒန်းလမ်းပိုင်းတို့တွင် စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး၊ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနေပြီး အာရက္ခတပ်တော်က လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်က အမ်း-တလိုင်းတောင်လမ်းအတိုင်း ထိုးစစ်ဆင်လာတဲ စစ်ကောင်စီစစ်ကြောင်းကို အာရက္ခတပ်တော် က ကံကြိုးကျေးရွာနဲ့ ၁ မိုင်ခန့်အကွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၀ လောင်းထက်မနည်း၊ သုံ့ပန်း ၅ ဦးနဲ့ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

လက်ရှိတွင် စစ်ကောင်စီရဲ့ တပ်မ ၅ ဦးဆောင်တဲ့ စစ်ကြောင်းတွေဟာ မင်းတုန်းမြို့နယ် အနောက်ဘက်ခြမ်း သဖန်ရောင်နဲ့ တလိုင်းတောင်ကျော်လမ်း စစ်မျက်နှာတို့ကတဆင့် အမ်းမြို့နယ်အတွင်းကို ဦးတည်ပြီး အဓိက ထိုးစစ်ဆင်ရန် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၉ ရက် ညနေပိုင်းကလည်း အမ်း-ပဒန်းလမ်းပိုင်း ဂုတ်ကြီးရွာ (လမ်းသစ်) အနီးတွင် အာရက္ခတပ်တော် ဘက်က အသင့်စောင့်ကြို တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့တွေ အထိနာပြီး နောက်ဆုတ်သွားတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲများတွင် အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ မြေလပ်ကျေးရွာစခန်းကနေ ဒရုန်း၊ လက်နက်ကြီးများနဲ့ အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်ခဲ့တဲ့အပြင် ညပိုင်းတွင်လည်း ပဇီနဲ့ ဂုတ်ကြီးဝန်းကျင်ကို Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ်၊ ဂျက်ဖိုက်တာတို့နဲ့ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်တွင် ၂ လအတွင်း မုဒိမ်းမှုနဲ့ သတ်ဖြတ်မှု ကျူးလွန်သူ ၂ ဦး သေဒဏ်ချမှတ်ခံရ

ဝီရဌာနီက ဆင်အိုင်ရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၇ ဦး သေ၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရ

စစ်ကောင်စီ အလုံးအရင်း ထိုးစစ်ဆင်သော်လည်း ULA/AA က နယ်မြေဆုံးရှုံးမှု မရှိ