မြေပုံကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် ( ၁၁ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ အဉ္ဇနပူရခရိုင်၊ မြေပုံမြို့ကို စစ်ကောင်စီတပ်က ညအချိန်တွင် ဂျက်ဖိုက်တာနဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြို့ခံပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက် ည ၁၁ နာရီ ၅၀ မိနစ်နဲ့ ၅၅ မိနစ်တို့တွင် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စီးဟာ မြေပုံမြို့တွင်းကို ဗုံးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဆိုပါကဲ့သို့ ဗုံးကြဲချမှုကြောင့် ရွာသစ်ကေရပ်ကွက်အတွင်းကို ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး၊ ကံသာထွက်ဝရပ်ကွက်နေ အသက် ၅၀ အရွယ် ဒေါ်ရွှေစိန်ဖြူမှာ ဗုံးပေါက်ကွဲသံနဲ့ တုန်ခါမှုတို့ကြောင့် နှလုံးရပ်ကာ မြေပြင်တွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရပါတယ်။

အထက်ပါ ပေါက်ကွဲမှုအတွင်း ရွာသစ်ကေရပ်ကွက် အသက် ၃၁ နှစ်အရွယ် ဦးအောင်ဆန်းဝင်း နဲ့ အသက် ၅၄ နှစ်အရွယ် ဒေါ်ခင်ကြည် တို့တွင် ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး၊ ဦးအောင်ဆန်းဝင်းမှာ ခေါင်းနဲ နောက်ကျောတို့တွင် ဒဏ်ရာပြင်းထန်လို့ အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့လည်း သိရပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများရဲ့ နေအိမ်များလည်း ဗုံးစထိမှန်ကာ ထိခိုက်ပျက်စီးခဲ့ရပြီး အောက်တိုဘာလ ၁၀ ရက် ညနေပိုင်းကလည်း ဝီရဌာနီမြို့နယ်၊ ဆင်အိုင်ရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့ အရပ်သား ၇ ဦး သေဆုံးပြီး ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
Photo – Arakan Princess Media

Related posts

မင်းတုန်းနဲ့ ပဒါန်းတွင် တိုက်ပွဲများ ပြင်းထန်၊ စကစ အလောင်းတချို့နဲ့ သုံ့ပန်း AA ရရှိ

ရက္ခိုင်တွင် ၂ လအတွင်း မုဒိမ်းမှုနဲ့ သတ်ဖြတ်မှု ကျူးလွန်သူ ၂ ဦး သေဒဏ်ချမှတ်ခံရ

ဝီရဌာနီက ဆင်အိုင်ရွာကို စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူ ၇ ဦး သေ၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရ