အာရက္ခတိုင်းမ်စ် (၂၁ အောက်တိုဘာ ၂၀၂၆)
သမ္မတအဖြစ် တာဝန်ယူနေတဲ့ ဦးမင်းအောင်လှိုင်ရဲ့ သက်တမ်း ၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ရဖို့ မဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဒီကောင်တွေက အဲဒီ စစ်အာဏာရှင်စနစ်ကို ဆက်ထိန်းနိုင်ဖို့အတွက် ၅ နှစ်ပြောလိုက်၊ ၁၀ နှစ်ပြောလိုက်။ ဒီမှာ တရုတ်ပြည်မှာ ပြောသွားတာက ပြည်သူလူထုရဲ့ အတွေးအခေါ်ကို ပြောင်းဖို့ ၅ နှစ်၊ ၁၀ နှစ်တောင် မရဘူး။ ၁၅ နှစ်လောက် လုပ်ရမယ်ဆိုတာ ပြောသွားတာ။ သူတို့က တစ်သက်လုံး အာဏာယူထားဖို့ပဲ။ အဲဒီအတွက် တစ်နေ့ တစ်နပ်စားရ၊ စားရ။ နောက်တစ်နေ့ တစ်နပ် စားရ၊ စားရ လုပ်နေမှာပဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီ ၅ နှစ်အတွင်း ငြိမ်းချမ်းရေး ရနိုင်တယ်ဆိုတာ။ အနှစ် လေး၊ ငါး၊ ခြောက်ဆယ်ကြာလာတဲ့ ပြည်တွင်းစစ်ကို သူတို့ အခြေခံသဘောထားက တမင်သက်သက်ကို ဆွဲလာတဲ့ကိစ္စကြီးကို ဘယ်လိုလုပ် ဟိုဒင်းပြုနိုင်မှာလဲ” လို့ သူက ပြောပါတယ်။
လက်ရှိ နိုင်ငံရေးနဲ့ စစ်ရေးအခြေအနေအရ ၅ နှစ်သက်တမ်းအတွင်း ဘက်ပေါင်းစုံ ပါဝင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဖြစ်နိုင်ခြေ အလွန်နည်းတယ်လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။
ဦးမင်းအောင်လှိုင်ကတော့ ၅ နှစ်အတွင်း ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။
စစ်အာဏာရှင်စနစ်က အခုပုံစံအတိုင်း ဆက်ရှိနေမယ်ဆိုရင် တိုင်းပြည်က ဒီမိုကရေစီလည်း မဖြစ်နိုင်သလို ငြိမ်းချမ်းရေးလည်း မရဘူးလို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။
“အဓိက အဲဒီစစ်အာဏာရှင်စနစ်ကို အပြတ်ဖြတ်ဖို့။ ဒါကြောင့်မို့လို့ နွေဦးတော်လှန်ရေးကတင်တဲ့ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ဆိုတာ အမှန်ဆုံးပဲ။ ဒီစစ်အာဏာရှင်စနစ် သို့မဟုတ် ဒီဗမာစစ်တပ်ကြီး ဒီအချိုးတိုင်း ဆက်ရှိနေသရွေ့တော့ ဗမာပြည်က ငြိမ်းချမ်းရေးလည်းမရဘူး။ ဒီမိုကရေစီလည်း မဖြစ်နိုင်ဘူး။ ဖွံ့ဖြိုးတိုးတက်မှုလည်းမဖြစ်နိုင်ဘူး။ ဒီစနစ်ကိုအရင် ပြတ်အောင်ချရမှာ ဒါပဲ” လို့ သူက ပြောပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ ၅ နှစ်သက်တမ်းအတွင်း တိုင်းပြည်မှာ သွေးထွက်သံယိုမှု အနည်းငယ် လျော့ကျသွားနိုင်တဲ့ ယာယီငြိမ်းချမ်းရေး သဘောတူညီချက်အချို့ ရရှိနိုင်ပေမယ့်လည်း အဓိကအတိုက်အခံ အင်အားစုအားလုံး ပါဝင်တဲ့ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ နိုင်ငံရေးအဖြေနဲ့ ငြိမ်းချမ်းရေး ရရှိဖို့မှာတော့ စိန်ခေါ်မှု အလွန်ကြီးမားနေဆဲ ဖြစ်ပါတယ်။