(၆၆) နှစ်မြောက် KIO နေ့မှာ စည်းလုံးစွာ တိုက်ပွဲဝင်ဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လ တိုက်တွန်း

အာရက္ခတိုင်းမ်စ် (၂၅ အောက်တိုဘာ ၂၀၂၆)

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုင်းရင်းသားတွေ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာ လက်တွဲတိုက်ပွဲဝင်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီနေ့ ကျရောက်တဲ့ (၆၆) နှစ်မြောက် KIO တည်ထောင်နေ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။

KIO ကို ၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက်မှာ စတင်တည်ထောင်ခဲ့ပြီး အစိုးရအဆက်ဆက်ရဲ့ အမျိုးသားရေးလမ်းစဉ်အမှားတွေနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို တွန်းလှန်ဖို့ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တာ ဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပင်လုံစာချုပ်ဟာ ရှမ်း၊ ကချင်၊ ချင်းနဲ့ ဗမာ တိုင်းရင်းသားခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အရေးပါတဲ့ သမိုင်းဝင် သက်သေခံ ဖြစ်ကြောင်းလည်း ထောက်ပြထားပါတယ်။

စစ်အာဏာရှင်အဆက်ဆက်က တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် စနစ်တကျ မီးမွှေးခဲ့ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ရှမ်းနီတပ်မတော် (SNA) လို အမည်တွေကို အသုံးပြုပြီး ဒေသတွင်း သွေးခွဲပဋိပက္ခတွေကို ပိုဖန်တီးလာတာ တွေ့ရတယ်လို့ သဝဏ်လွှာမှာ သတိပေးထားပါတယ်။

ဒါကြောင့် တော်လှန်ရေးရဲဘော်တွေအနေနဲ့ စည်းကမ်းကို တိကျစွာ လိုက်နာကြဖို့နဲ့ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို စာနာထောက်ထားပြီး အတူတကွ လက်တွဲရင်ဆိုင်ကာ တော်လှန်ရေးအရှိန်အဟုန်ကို မလျှော့ဘဲ ဆက်လက်ကြိုးပမ်းကြဖို့ နှိုးဆော်ထားပါတယ်။

KIO အနေနဲ့ တခြားတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ခိုင်မာစွာ လက်တွဲပြီး တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ပေါက်လာတဲ့အထိ ဆက်လက်တိုက်ပွဲဝင် ကြိုးပမ်းသွားမယ်လို့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက သဝဏ်လွှာမှာ ပြောကြားလိုက်ပါတယ်။

Related posts

98B မုန်တိုင်းငယ် အိန္ဒိယဘက် ဦးတည်ပေမဲ့ ရက္ခိုင်ကမ်းရိုးတန်းမှာ မိုးသည်းနိုင်၊ လှိုင်းကြီးနိုင်

စစ်တွေဗုံးကျမှု ဒဏ်ရာရသူတွေကို ပြည်နယ် ဝန်ကြီး ၂ သိန်းသာပေး

အမ်းမြို့နယ် တပ်တောင်မှာ စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကို အဓမ္မပြုကျင့်တယ်ဆိုတဲ့ သံသယရှိသူကို ဒီလပ်ဖမ်းဆီး