၃ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်၊ ရက္ခိုင်ပြည်က ၁၅၁ ကြိမ်နဲ့ အများဆုံးဖြစ်

အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၆)

မြန်မာနိုင်ငံမှာ ၂၀၂၆ ခုနှစ် ဇူလိုင်လကနေ စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ် ရှိခဲ့ပြီး ယခင် ၃ လပတ်နဲ့ နှိုင်းယှဉ်ရင် ၁၁.၇၃ ရာခိုင်နှုန်း တိုးလာကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒီထဲမှာ ရက္ခိုင်ပြည်က လေကြောင်းတိုက်ခိုက်မှု ၁၅၁ ကြိမ်နဲ့ အများဆုံး ခံခဲ့ရတဲ့ ဒေသအဖြစ် MIP က ဖော်ပြထားပါတယ်။

MIP ရဲ့ မှတ်တမ်းအရ ရက္ခိုင်ပြည်အတွင်း မြို့နယ် ၁၅ ခုအထိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

အဲဒီ ၃ လပတ်အတွင်း ဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းရဲ့ ၆၂.၆၅ ရာခိုင်နှုန်းခန့်က ရက္ခိုင်ပြည်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အဓိက ဖြစ်ခဲ့ပါတယ်။

ဒီထဲမှာ စစ်ကိုင်းတိုင်းက မြို့နယ် ၂၃ ခု၊ ရက္ခိုင်ပြည်က ၁၅ ခုနဲ့ မကွေးတိုင်းက ၁၂ ခု ပါဝင်တယ်လို့ MIP က ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်အနက် ၅၆၂ ကြိမ် (၉၆.၈၈ ရာခိုင်နှုန်း) က အင်တာနက်ဖြတ်တောက်မှု ခံနေရတဲ့ ဒေသတွေအတွင်းမှာ ဖြစ်ခဲ့ကြောင်း MIP က ဖော်ပြထားပါတယ်။

ရက္ခိုင်ပြည်ကလည်း အင်တာနက်ဖြတ်တောက်ထားတဲ့ ဒေသတွေထဲ ပါဝင်ပါတယ်။

MIP ရဲ့ မှတ်တမ်းအရ ၃ လအတွင်း အရပ်သားပြည်သူ အနည်းဆုံး ၃၅၃ ဦး အသက်ဆုံးရှုံးခဲ့ပြီး သေဆုံးမှုအားလုံးရဲ့ ၉၆.၈၈ ရာခိုင်နှုန်းခန့်က အင်တာနက်ဖြတ်တောက်ထားတဲ့ ရက္ခိုင်ပြည်အပါအဝင် ဒေသတွေမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Related posts

သံတွဲမှာ မိုင်း ပေါက်ကွဲလို့ အသက် ၁၂ နှစ် ကလေးငယ် ဒဏ်ရာရ

စစ်တွေမြို့ တိုက်ပွဲ စစ်ကောင်စီဘက် ကျဆုံးမှု ပိုများ

AA ကို စက်သုံးဆီ ရောင်းတယ်လို့ စွပ်စွဲပြီး ကြံခင်းမှာ အရပ်သား ၃ ဦးကို စစ်ကောင်စီ ဖမ်းဆီး