အာရက္ခတိုင်းမ်စ် (၃၁ အောက်တိုဘာ ၂၀၂၆)
နတ်ရေကန် ဗျူဟာကုန်းကို ခဲယမ်းနဲ့ ရိက္ခာ လာချတဲ့ စစ်ကောင်စီရဲ့ ပါရာမော်တာ (Paramotor) ၁ စီးကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေက ပစ်ချလိုက်ကြောင်း AA က အောက်တိုဘာလ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
AA သတင်းနှင့်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၃၀ ရက် နံနက် ၈ နာရီခန့်မှာ ပါရာမော်တာကို ပစ်ချခဲ့ပြီး ယာဉ်နဲ့အတူပါတဲ့ ခဲယမ်းနဲ့ ရိက္ခာ အချို့ကို AA က သိမ်းဆည်းမိခဲ့တယ်လို့ သိရပါတယ်။
ပစ်ချခဲ့စဉ် ရိုက်ထားတဲ့ ဗီဒီယိုကိုလည်း ထုတ်ပြန်ချက်နဲ့အတူ ဖြန့်ဝေထားပါတယ်။
AA က နတ်ရေကန် ဗျူဟာကုန်းပတ်ဝန်းကျင်ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး ဒီနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်း စစ်တွေစစ်မျက်နှာမှာလည်း စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က အထိအခိုက်၊ အကျအဆုံးတွေ ရှိနေတယ်လို့ AA က ဆိုပါတယ်။
အောက်တိုဘာလ ၂၆ ရက်မှာလည်း စစ်တွေ ရေကြောင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။